Sunday, December 27, 2009

အောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာ
အောင်ဝေး
ဒီဇင်ဘာ ၂၆၊ ၂၀၀၉

ဗိုလ်ချုပ်၏ သားဦး
ဦးအောင်ဆန်းဦးခင်ဗျာ
ကျနော် ကဗျာဆရာ အောင်ဝေး
ရိုသေစွာ စာရေးလိုက်ပါတယ်။

++++++++


သားဦး အရူး တဲ့
မြန်မာစကားမှာ ရှိပါသည်။

အစ်ကိုကြီးတော့ အဖအရာ
မြန်မာစကားမှာ လာပါသည်။

တို့ ဘုရား မယားဖက် ခပ်ပါပါ တဲ့
မြန်မာ့ဆိုရိုးစကားလည်း ရှိပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံတုန်းက
ကျနော်တို့ မျှော်ခဲ့တာ
နှမ မဟုတ်ပါ
အစ်ကိုကြီး ဦးအောင်ဆန်းဦးကိုပါ။

ဗိုလ်ချုပ်ရဲ့ သားကြီး ဦးအောင်ဆန်းဦး
အမေရိကန် မရိမ်းတပ်တွေနဲ့ 
မြန်မာပြည်ကို ချီတက်လာပြီ …

ဒီသတင်း …
ပြည်တွင်းမှာ တကယ်ဖြစ်ခဲ့တာပါ။

ဒါပေမဲ့
တကယ်ရောက်လာတာက
အစ်ကို မဟုတ်
နှမ အောင်ဆန်းစုကြည်။

ဗိုလ်ချုပ်ရဲ့သမီး
ဒေါ်အောင်ဆန်းစုကြည်။

တကယ် တိုက်ပွဲဝင်တာက
နှမ ဒေါ်အောင်ဆန်းစုကြည်။

ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် … တဲ့
နှမပုံရိပ်က အင်မတန်ကြီးပါရဲ့။

အစ်ကိုကြီး ဦးအောင်ဆန်းဦးခင်ဗျာ …
အစ်ကိုကြီးမှာ
ဘာပုံရိပ်မှ မရှိလည်း
ကျနော်တို့က
ဗိုလ်ချုပ်ရဲ့သားမို့  ချစ်နေဆဲပါ။

ဒါပေမဲ့
အခု အစ်ကိုကြီးလုပ်နေတာတွေက
အဖအရာ မရောက်
နှမကို
(နအဖ အလိုကျ)
ချောက်ကျအောင် လုပ်သလိုဖြစ်နေပါပြီ။

ကန်တော့ပါရဲ့
မယားစကား နားယောင်
အစ်ကိုကြီးအမှားတထောင် ကျူးလွန်နေပြီ။

ဘာ့ကြောင့်
ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်နေရတာလဲ
အစ်ကိုကြီး။

ဒေါ်အောင်ဆန်းစုကြည်ဟာ
(အစ်ကိုကြီးနှမ)
ဒေါ်အောင်ဆန်းစုကြည်သက်သက် မဟုတ်ဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တာဟာ
အဖိနှိပ်ခံမြန်မာပြည်သူတွေကို တိုက်ခိုက်တာပဲ။

ဒေါ်အောင်ဆန်းစုကြည်ဟာ
မြန်မာပြည်ပဲ။

အစ်ကိုကြီး
အစ်ကိုကြီးရဲ့ မူမမှန်တဲ့လုပ်ရပ်တွေ
ရပ်တန်းကရပ်ပါ။

သားဦးအရူး
အောင်ဆန်းဦး … လို့တော့
ကျနော် မပြောရက်ပါဘူး။

အချုပ်နှောင်ခံနေရတဲ့ နှမကိုမှ
ဆက်ပြီးနှောင့်ယှက်နေမယ် ဆိုရင်
အစ်ကိုကြီးကို
(ချစ်လျက်နဲ့ )
ကျနော်တို့ စစ်ကြေညာရတော့မယ်။

အောင်ဆန်းဦး အလိုမရှိ
အောင်ဆန်းဦး အလိုမရှိ
အောင်ဆန်းဦး အလိုမရှိ

ညီငယ်
မောင်အောင်ဝေး
ဒီဇင်ဘာ၂၅၊ ၂၀၀၉၊ မစ်ရှီဂန်

Friday, December 25, 2009

ဂန္တဝင်သူခိုး

ကောင်မလေးရေ
မော်ဒန်ကဗျာတွေကို
နင်ချစ်တတ်တယ်ဆိုရင်ပဲ ငါကျေနပ်တယ်.....

ဘာပဲဖြစ်ဖြစ်လေ
ငါကတော့
နင့်အပြုံးတစ်စက်ကို ခိုးယူသောက်သုံးချင်သူပါ.....

ခရေတွေကြွေကျ
မြရာပင်ကြီးလည်း အဖော်ကွဲ
လက်ဘက်ရည်တစ်ခွက် အရသာမဲ့သွားတဲ့အချိန်မှာတော့
‘‘ ငါ ’’ ..... ဆိုတာ
နင့်အတွက် ဖြစ်နိုင်ပါ့မလား

ဒါပေမယ့်လည်း
လောဘစိတ်တွေနဲ့
နင့်နှုတ်ခမ်းပါးပါးလေးတွေကို
ငါ....ခိုးယူချင်တယ်
ခွင့်ပြုပါနှော်.........


မင်းရဲခေါင်
ရင်ထဲကလမင်း

ချစ်သူရေ
‘‘ အတိတ် ’’ ဆိုတာ
ခွင့်လွတ်နိုင်စရာ ကောင်းပေမယ့်
မေ့ပျောက်သင့်တဲ့ အရာမဟုတ်ဘူးလေ။

ချစ်သူနဲ့ ဆုံစည်းရတဲ့ကာလဟာ
စက္ကန့်တစ်ရွေ့သာရှိပေမယ့်
နှလုံးသားရင်ခွင်မှာ
ထာဝရတမ်းမက်စရာ
အိပ်မက်ချို ဘုံဗိမ္မာန်တစ်ခုပါပဲ။

အချစ်ဆိုတာကို နားလည်လာတိုင်း
ရင်ခုန်ခြင်းနဲ့ နှိပ်စက်
အိပ်ပျက်ခဲ့တဲ့ ညများစွာမှာ
ချစ်သူကို တမ်းတရည်မှန်း
ဒါ အလွမ်းလားကွယ်။

မျှော်လင့်ခြင်းဆိုတာ
မသေချာပေမယ့်
မဝေးတော့တဲ့ ပန်းတိုင်ပါ
ယုံကြည်မှုနဲ့ ခရီးဆက်
အချစ်နဲ့ အရာရာကိုဖန်ဆင်း
မင်းဟာငါ့ရဲ့ လတစ်စင်းပါပဲ။

စိုးဌေး
Valentine's အလွမ်း

အိပ်မက်တွေကိုသာ ပိုင်ဆိုင်ခဲ့တယ်
တစ်ကယ်တော့
ငါ့ဘဝက သန်းခေါင်ယံပဲဟာ

ကလေးရေ
‘‘ချစ်တယ်’’ လို့ပြောလေတိုင်း
အပြစ်ရှိတယ်လို့ ယူဆရင်
ကမ္ဘာ့လူမိုက်ကြီးများစာရင်းမှာ
ငါ့နာမည်ကို ကဗ္ဗည်းတင်လိုက်ပါ။

စက္ကန့်တွေသေနေတဲ့ နာရီတစ်လုံးလို
အနာဂတ်တွေဟာ အေးခဲဖျော့တော့
မျော်လင့်ခြင်းဆိုတာ
ဒိုင်မမြင်တဲ့ ဘောလုံးတစ်လုံးလိုပဲ
ဂိုးတိုင်နှစ်တိုင်ကြား ရောက်ခဲ့ပေမယ့်
ဂိုးမရဘူး.... ကလေးရေ။

နှင်းတွေ ငိုနေတာတောင်
ဆောင်းအိပ်မက်က မနိုးထနိုင်သေး
ငါကတော့
အလွမ်းတွေ ပင်လယ်ဖြစ်ကာမှ
ဖောင်ပျက်ခဲ့သူပါ။

အိပ်ရေးပျက်နေတဲ့ ကြယ်တွေကို
ပင်လယ်က ချော့သိပ်သလိုမျိုး
ဂန္တဝင်ဂီတနဲ့ ကခုန်နေတဲ့လမင်း
မြေပြင်ကိုဆင်းဖို့ ငြင်းသလိုမျိုး
ရိုးသားစွာ ဝေးသွားကြတော့
(ကလေးရေ)
အတိတ်ဆိုတာ ပြန်မရပေမယ့်
တမ်းတမိတိုင်း.....လွမ်းတယ်။

မင်းမွန် (ဂွမြို့)
နိယာမ

အချစ်ဟာ
(ငါ) သိသလောက်ဆိုရင်
မီးတောက်တစ်ခုလို ပါပဲ။

ဒါပေမယ့်
ငါ့ရဲ့ အချစ်ကတော့
ကျောက်တောင်တွေရဲ့ ကြားက
စီးကျလာတဲ့ ကျောက်စက်ရေလို
ထာဝစဉ်အေးမြနေမှာ အမှန်ပါ။

ချစ်သူ
မင်းရဲ့ရှေ့မှောက်မှာ
ဒူးထောက်လို့ ခစား(ပြီး)
ချစ်မိတဲ့ အကြောင်းတွေကို
ပြောပြပါရစေကွယ်။

ဒါပေမယ့်
မင်းရင်ထဲမှာရော
ချစ်ခြင်းရဲ့ နိယာမတရား
(သင်သိရော) သိပါရဲ့လား။

မောင်ဘာလီ
‘‘ကို’’

ပိုတယ်ပြောပြော
လွန်တယ်ဆိုဆို
ကိုမှကိုပဲ....ချစ်မိပြီနှော်...။

အဆောင်သူ
ဝေဒနာအလွမ်း

ကြယ်စင်တွေလင်းလက်တဲ့ ကောင်းကင်မှာ
စန္ဒာမင်းထွန်းတောက်တဲ့အခါ
အဝေးကမြို့လေးကို လွမ်းရင်း
ဖန်တီးမယ်ဆိုတဲ့ အနာဂတ်ဘဝကို
အလွမ်းနဲ့ပဲ ထားခဲ့တော့မယ်။

ညီထွဋ်
သို့.....ချစ်သူ (၁)


အတ္တကိုဖက် မာနမက်လို့
ချစ်လျှက်နဲ့ပဲ စိတ်ကူးလွဲပြီး
ရှင်ကွဲကွဲရ ဝေးသွားကြတဲ့
ဘဝတွေလည်း ရှိဖူးတယ်။

ဥစ္စာကိုဖက် ဓနမက်လို့
ကြင်ဖက်ရွေးမှား သောကများပြီး
ခံစားဒုက္ခ ပြင်မရတဲ့
ဘဝတွေလည်း ရှိဖူးတယ်။

ချစ်သူရေ
အချစ်ဆိုတာ
မာယာမပါတဲ့
ရင်ခုန်ခြင်းပါကွဲ့။

တိုတောင်းလှစွာ တစ်သက်တာမှာ
သာယာကြည်နူး ဘဝကူးဖို့
စိတ်ကူးမှားတွေ ပြင်ကြစို့။

မောင်ဆန်းသစ်

Thursday, December 24, 2009

ပုဇွန်ဆီရောင် ဒုက္ခပွင့်များ


မင်းကိုချစ်ရ ဒုက္ခတရားကြီးပါ
ငါ့မှာအရာရာနဲ့ ဆင်းရဲလို့
ဘယ်လောက်များတောင်မှ လွမ်းခဲ့ရတုန်းဆိုရင်
စိတ်နဲ့မဆန့်တော့အောင်ပဲ
ခုဆို
တေးဆိုကောင်းတဲ့ မျက်ဝန်းများမှ
ကျေနပ်စွာ နာကျင်မူကိုတောင့်တရဲ့
ဪ....
အာရုံကြောင့် အရာရာပျက်ဆီးရလေခြင်း။

နေဝင့်နွယ်
ပေးဆပ်ခွင့်

မင်းဟာ ပန်းကလေးတစ်ပွင့်ဆိုရင်
(ငါဟာ)
ဥယျာဉ်မှူးတစ်ယောက်ဖြစ်ပါရစေ...။

သိပ်ချစ်ရတဲ့ ပန်းလေးတစ်ပွင့်

အလှဆုံး မာန်ဝင့်နှိုင်ဖို့
ကြင်နာယုယမှုတွေနဲ့
ငါပြုစုမယ်...။

ကောင်မလေးရေ

မင်းသာ လမင်းလေးဖြစ်ခဲ့ရင်
(ငါဟာ)
ငွေကြယ်လေးတစ်ပွင့် ဖြစ်ပါရစေ...။
သိပ်ချစ်ရတဲ့ လမင်းလေးအပါး
ဝပ်တွားခစားရင်း
ချစ်ခြင်းရဲ့ စာမျက်နှာသစ်
ဖွင့်လှစ်နိုင်ဖို့ ငါဆုတောင်းမယ်...။

ကောင်မလေးရေ

မင်းသာ ဘုရင်မတစ်ပါးဖြစ်ခဲ့ရင်
(ငါဟာ)
မင်းအနားမှာ ခစားတဲ့
ထားရာနေစေရာသွား
မင်းခယောက်ျားတစ်ယောက် ဖြစ်ချင်တယ်...။

မော်ဖူးခွင့် မရရင်နေပါစေ

ကြည်သာမွှေးပျံ့တဲ့
မင်းပါးက သနပ်ခါးရနံ့လေး
ခဏမွှေးကြူ ရှိုက်ခွင့်ရရင်တောင်
ငါကျေနပ်နေမယ်...။

ကောင်မလေးရေ

ဥယျာဉ်မှုး တစ်ယောက်ရဲ့ဇာတ်သိမ်းနဲ့
ကြယ်ကြွေညရဲ့ ကြေကွဲမှုကို
ရင်တွင်းဖြစ် ပေါက်ကွဲသံစဉ်တွေကြားမှာ
မင်းနားလည်နှိုင်ပါစေ...။ ။


မောင်မြင့်မိုး(ဂွမြို့)
ရွှေတောင်ခြေမှာ နေရစ်တော့


ခင်မောင်တိုးရဲ့ ရတနာသူ
မဟူရာနဲ့ ပုလဲပေါင်းစပ်
ညို့ငင်ဓါတ်ပါတဲ့ မင်းမျက်လုံး
ကိုယ့်နှလုံးသားကို လှုပ်ခါစေခဲ့တယ်...။

အဲဒီမျက်လုံးအကြည့်
အသိစိတ်ဖြိုခွဲ မသိစိတ်ထဲမှာတော့
သိပ်ချစ်မိတာပေါ့ကွယ်...
ဖိုးချိုရဲ့ သီချင်းလို
ချစ်သူကို ရွှေနန်းထက်မှာထားချင်တယ်...။

ဒါပေမယ့် ကိုယ့်ဘဝဟာ
စုတ်ပြတ်နုံခြာတော့
စိုင်းထီးဆိုင်ရဲ့ သီချင်းလိုပေါ့အချစ်ရယ်
ရွှေတောင်ခြေမှာ နေရစ်တော့...။ ။


စေတန်
ချစ်ခြင်း၏ အပိုင်းအစများ(၁)


၁။ အတွေးမကြွယ်
ကလေးအရွယ်က
လွယ်အိတ်ကိုယ်စီလွယ်လို့
ရွာငယ်ကကျောင်းလေးမှာ
ပြေးလွှားကာဆော့ကစား
ကျောင်းသွးဖော် သူငယ်ချင်း
ဖြူစင်တဲ့ ချစ်ခြင်းနဲ့ပါ.....

၂။ တို့တတွေ အရွယ်ရောက်လို့
ရှက်ကြောက်စိတ်တွေ မွေးဖွား
နှလုံးသားနုမြစ်မှာ ချစ်တတ်လာကြ
ငါနဲ့ နင်...
ဖြူစင်တဲ့ ချစ်ခြင်း
အသက်သွင်း ထားဆဲပါ.....

၃။ နှောင်းရိပ်က သံယောဇဉ်
ခင်မင်မှု ပန်းတံတားမှာ
ဆန်းပြားလာတဲ့ ချစ်ခြင်း
အတင်းမျိုသိပ် တိတ်တိတ်ရယ်
မင်းသိလားကွယ်.....

၎။ အလှသွေးကြွယ်
ငယ်ဖော်မလေးအပြုံး
နှလုံးသားကိုကျွေး
နှစ်သိမ့်ပေးရင်း
အချစ်မေးခွန်းများစွာ
ရင်မှာသိုဝှက်
နိုးတဝက် အိပ်မက်နဲ့ပေါ့.....

၅။ ဆိုင်သာဆိုင်လို့
မပိုင်တဲ့ အသဲဖြူ
တစ်ပါးသူရင်ခွင်ထက်မှာ
မှေးစက်ပျော်လေတော့
သူငယ်ချင်းမလေးရေ
မင်းတို့ လျှောက်ရာလမ်း
ငါ့နှလုံးသားပန်းတွေခင်းလို့
ငါလေ...
မျက်ရည်ဝဲရင်း ပြုံးခဲ့တယ်.....


ခိုင်ဇံမိုး

Sunday, December 20, 2009

တွေ့ဖူးသမျှ

တနေ့တွင် အရက်သမားနှစ်ယောက် အရက်မူးပြီး မီးရထားသံလမ်း အတိုင်းလာကြလေသည်။
ပထမအရက်သမား။ ။ ငါ့ တစ်သက်မှာတော့ကွာ ဒီလောက်ရှည်တဲ့ လှေကားမျိုးတစ်ခါမှ မတွေ့ဖူးဘူးကွာ၊

ဒုတိယအရက်သမား
။ ။လှေကားရှည်တာက ထားလိုက်ပါကွာ၊ လက်ရန်းတွေက အရမ်းတိုလွန်းအားကြီးတယ်ကွ။
မှတ်ထားပါ

တနေ့တွင် မြို့တွင်အလုပ်လုပ်နေသော သမီးက မိမိ၏ခင်ပွန်းလောင်းကိုမိတ်ဆက်ရန်အတွက် ရွာသို့ခေါ်လာလေသည်။ အိမ်သို့ရောက်၍ မိတ်ဆက်ပေးသောအခါ မြို့သားများကို အထင်မကြီးသော ယောက္ခမလောင်းကြီးက သဘောမကျပေ။ ထို့ကြောင့် တစ်နေ့တွင် ပညာပြလိုသဖြင့် ‘‘ မင်း ကဏာန်းဖမ်းတတ်သလားကွ ’’ မြို့သားမှာလည်း မျက်နှာရလိုဇောဖြင့် ‘‘ ဟုတ်ကဲ့ ၊ ဖမ်းတတ်ပါတယ် ’’ ၊ ‘‘ အေး ၊ လာ လာ ဒါဆိုရင်ဖမ်းပြစမ်းကွာ ’’ ဟုဆိုကာ ရွာနောက်ဖက် ချောင်းကမ်းနား သို့ခေါ်သွားလေသည်။ ကမ်းစပ်တွင် ကဏာန်းတစ်ကောင်တွေ့ သဖြင့် ‘‘ကဲ၊ အဲဒီ ကဏာန်းကို ရအောင်ဖမ်းစမ်းကွာ ’’ ။ မြို့သားမှာ မျက်နှာရလိုသဖြင့်သာ ဖမ်းတတ်သည်ဟုပြောရကာ မဖမ်းတတ် ဖမ်းတတ်ဖြင့် လိုက်၍ဖမ်းလေသည်။်ခဏအကြာတွင် ကဏာန်းကိုမိသဖြင့် ဝမ်းသာအားရ ကောက်ကိုင်လိုက်ရာ ကဏာန်းက သူ၏လက်မဖြင့် လက်ကိုညှပ်လေသည်။ထိုအခါ နာသဖြင့်လက်ကို ခါယမ်းလိုက်ရာ ကဏာန်းမှာ လက်မပြုတ်၍ အောက်ကိုကျသွားသည်။ ထိုအခါ ယောက္ခမလောင်းကြီးက ‘‘ ဟာကွာ၊ မင်းကလဲ ရခါနီးမှ ပြန်ဖမ်း၊ ပြန်ဖမ်း ’’ ဟုဆိုလေသည်။ မြို့သားမှာ လက်တွင်ညှပ်မိနေသော လက်မကိုခွာ၍ ထပ်ဖမ်းပြန်သည်။ ထိုအခါလည်း ကျန်ရှိသောလက်မနှင့် အညှပ်ခံရပြန်သည်။ ပထမနည်းအတိုင်း လက်ကိုခါလိုက်ရာ ကဏာန်းလက်မပြုတ်၍ ကျသွားပြန်သည်။ ထိုအခါမှ ယောက္ခမလောင်းကြီးက ‘‘ အေး၊ မှတ်ထားကွ ။ ကဏာန်းဆိုတာ ဒီလိုဖမ်းရတယ် ’’ ဟုဆိုကာ ညှပ်ရန်လက်မ မရှိသော ကဏာန်းအားကောက်၍ ဖမ်းပြလိုက်လေသည်။

Tuesday, December 8, 2009

အသီးမှည့်ခြင်း

စိတ္တဇဆေးရုံတစ်ခုတွင် လူနာများ ဒဏ်ရာရသည့်နှုန်း များလာသဖြင့် ဆရာဝန်ကြီးမှလာရောက် စစ်ဆေးလေသည်။ တစ်ခုသော အခန်းတွင် လူနာသုံးယောက်ဒဏ်ရာရနေသဖြင့် ဝင်ရောက်၍ မေးမြန်းလေသည်။
‘‘မင်းတို့က ဘယ်လိုလုပ်နေလို့ကြောင့် ဒဏ်ရာတွေရနေကြတာတုန်း’’ ၊
သူတို့အထဲမှတစ်ယောက်က
‘‘ကျွန်တော်တို့ အသီးမှည့်တမ်း ကစားနေတာပါ’’
‘‘ဟင် ၊ဘယ်လိုအသီးမှည့်တာတုန်း ’’၊
ထိုအခါစိတ္တဇဝေဒနာရှင်တစ်ယောက်ကအ,ရန်ကောဟူသောအကြည့်ဖြင့်ကြည့်ရင်းထုတ်တန်းပေါ်တွင
်ထိုင်နေသူအား
‘‘ကဲ၊ မောင်လှရေ မှည့်ပြီလားဟေ့’’
‘‘ဟုတ်ကဲ့ ’’
‘‘အေး မှည့်ရင် ဆရာဝန်ကြီးကို ကြွေပြလိုက်ပါဦးကွာ ’’
‘‘ဟုတ်ကဲ့’’ ‘‘‘ဝုန်း ’’’
လူတစ်ယောက် လက်ကျိုးသွားလေသည်။
လမ်းပြောင်းပြန်


လူတစ်ယောက်သည် အရက်မူးပြီး ကားကိုလမ်းပြောင်းပြန်မောင်းလာလေသည်။ လမ်းတစ်နေရာတွင် ယာဉ်ထိန်းရဲနှင့်တွေ့ရာ
‘‘ဟေ့လူ ၊ ခင်ဗျားဘယ်လိုမောင်းလာသလဲသိလား ’’။
ထိုအခါ မူးပြီးကားမောင်းလာသူက
‘‘ကျွန်တော်လဲ ဘယ်လိုမောင်းလာမှန်း မသိပါဘူးဗျာ၊ ဒါပေမယ့် ကျွန်တော်သွားတဲ့ ပွဲကတော်တော်နောက်ကျနေပြီထင်တယ်ဗျ။ အကုန်လုံး ပြန်လာနေကြပြီ ’’ ။