Monday, November 30, 2009

ဘယ်သူပြောလဲတတောလုံးကြွေ


ဘယ်သူပြောလဲ
တတောလုံးကြွေ …။

တဟုန်းဟုန်းနဲ့
တောဆုံးတောင်ဖျား၊ မီးတောက်ကြားမှာ
ဖျားနာခဲ့ပြီ တို့နှင်းဆီ။


အပူစီးကြောင်း
ချောင်းရေဆူပွက်၊ ညဥ့်နက်နက်ထဲ
တစက်နှစ်စက်၊ သွေးစက်စက်လေ
အိပ်မက်မီးသင့် ခဲ့သလော။


ငါလာခဲ့ပြီ
ဤနေရာသို့၊ ငါငိုကြွေးရန်
ဒူးထောက်တောင်းပန်
အညံ့ခံဖို့ လာခြင်းမဟုတ်။

ငါယုံကြည်သည်
နှင်းဆီတပင်၊ မီးလောင်ပြင်က
ရှင်ပြန်ထမြောက်၊ ငှက်တေးကောက်ချိန်
တောက်ပဝေဖူး၊ တို့ခေတ်ဦးကို
ကူးယူနီမြန်း လွမ်းပေလိမ့်။


တို့ လွမ်းသဖြင့်
အပွင့်ကြွေစေ၊ မသေအမြစ်
ချစ်နေသေးသည်
မည်သို့ပင်ဖြစ်စေ …။

ကဲ … ဘယ်သူပြောလဲ
တတောလုံးကြွေ …။ ။


အောင်ဝေး

ဆရာအောင်ဝေးရဲ့ blog ထဲကကူးယူထားတာပါ။

We want 3 F's



1st – We want FREEDOM.
We want "Freedom" for our future …
2nd – We want FRIENDSHIP.
We want "Friendship"
betweenOur Army and Our People …
3rd – We want FOOD.
We want "Food" to live peacefully.

About the author –
Aung Way (contemporary Myanmar poet), born 1954, became poet 1982, 3 times in prison – 1976-79, 1988, 1989-91.

စက်တင်ဘာ ကမ္ဘာမကြေ



ရွှေဝါရောင် မြင့်မြတ်ခြင်းတို့ရဲ့

သွေးရောင်လွှမ်း သမိုင်းစာမျက်နှာ

တစ်နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီ အမေ …

ဒါပေမယ့်

သားတို့ရဲ့ ရင်ထဲမှာတော့

လမ်းမပေါ်က သွေးစက်တွေ၊

ငြိမ်းချမ်းခြင်း တရားတွေ၊ ယမ်းငွေ့ဝေနေတဲ့ သေနတ်ပြောင်းတွေ၊

မေတ္တာပို့ အမျှဝေသံတွေ၊ ကျည်ဆန်ရာ ဗရပွနဲ့ အလောင်းတွေ

ခေါင်းကိုမော့ ရင်ကော့ပြီး ရှေ့ကို တလှမ်းခြင်း တက်လာနေတဲ့ ခြေလှမ်းတွေ

ယုတ်ရင့် ကြမ်းတမ်းတဲ့ အော်ဟစ်ဆဲဆိုသံတွေ၊

ဒါတွေဟာ ကမ္ဘာတည်သရွေ့

ဘယ်တော့မှ မေ့ဖျောက်လို့ မရတဲ့ ပုံရိပ်တွေပါ အမေ။

ဒီမိုကရေစီ အတွက်

လူ့အခွင့်အရေး အတွက်

အမှန်တရား အတွက်

တန်းတူညီမျှရှိရေး အတွက်

“လူအခြင်းခြင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ”

မေတ္တာသံ အေးအေးလေး ရွတ်ဆိုလို့

သားတို့အပေါ် နှစ်(၄၀)ကျော် နင်းထားတဲ့

စစ်ဖိနပ်တွေကို တွန်းဖယ်ဖို့

တောင်းဆိုခဲ့ ကြတာလေ။

ကျောင်းတိုက်ကြီးတွေပေါ်က

ဗုဒ္ဓရဲ့ သားတော်

မြင့်မြတ်တဲ့ သံဃာတော်တွေက စလို့

လမ်းမတွေပေါ်ဆင်း

ကတ္တရာ အရည်ပျော်လုလု

နေမင်းရဲ့ အပူရှိန်အောက်က လမ်းတွေကို

ခြေဗလာတွေနဲ့ နင်းလို့၊

၂၅.၉.၂၀၀၇

ရွှေတိဂုံဘုရား ခြေတော်ရင်းက

စုဝေးနေတဲ့ သံဃာထုရှေ့

“ဟေး” ကနဲဆို တချက်ကြား

ကောင်းကင်ပေါ်မှာ ဒေါင်းအလံ ငွားငွား စွင့်စွင့်

အဲ့ဒါ ကျောင်းသား

ပြည့်သူ့အရေး ဘယ်တော့မှ လက်မနှေးတဲ့

ဗမာပြည်က ကျောင်းသား။

စာသင်ခန်းမတွေကို ကျောခိုင်းလို့

ကိုယ့် ၀ိဉာဉ်ကိုယ် လွယ်အိတ်ထဲထည့်

အရွယ်နဲ့ မလိုက်အောင် မြင့်မြတ်တဲ့ စိတ်နဲ့

သေနတ်ပြောင်းဝတွေဆီကို တရွေ့ရွေ့လှမ်း

ဘယ်တော့မှ ခေါင်းမငိုက်စတမ်း ချီတက်နေတာ

အမေ ခဏခဏ ဆုံးမနေရတဲ့

ဟေးလေးဝါးလား အမေ့သားတွေ အမေ၊

ပေါ့ပေါ့နေ ပေါ့ပေါ့စား၊ ပေါ့ပေါ့သွားပေမယ့်

အမှန်တရားအတွက် ဆယ်ခါပြန် သေရဲတယ် အမေ။

“ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်မှာ

သံဃာသွေးမြေ ကျခဲ့ရပြီ” တဲ့

တကြော်ကြော် အော်နေတဲ့ အသံ

ရင်ထဲမှာ တ၀ုန်းဝုန်း လှိုင်းထန်သွားခဲ့၊

မျက်ရည်လည်ရွှဲနဲ့ ကမ္ဘာမကြေ သီချင်းဆိုကြ

အောက်နှုတ်ခမ်းတွေကို ပြတ်ထွက်လုမတက် ကိုက်ထားကြ

ဒဏ်ရာရနေတဲ့ ဦးခေါင်းတွေကို ခွပ်ဒေါင်းအလံ အနီရဲရဲ စည်းကြ

တစ်ယောက်လက်ကို တစ်ယောက် ကျစ်ကျစ်ပါအောင် ဆုပ်ထားကြလို့

ပွက်ပွက်ဆူနေတဲ့ သားတို့သွေးတွေနဲ့မှ

ခြေဆေးချင်တဲ့ အဲဒီ စစ်ဘီလူးတွေကို

ဘယ်လိုစိတ်နဲ့ ခွင့်လွတ်ရမလဲ အမေ၊

အမေ့ ရှေ့မှာပဲ သစ္စာဆိုပါရစေ

ဟောဒီ မဟာပထ၀ီမြေ ရှိနေသရွေ့

စစ်အာဏာရှင် ခွေးဘီးလူးတွေကို

ဘယ်တော့မှ ကမ္ဘာမကြေဘူး။


အမေ့သား မျိုးဆက်

Tuesday, November 17, 2009

ဆောင်းဆန္ဒ

နှင်းတွေလဲဝေ..
မေရယ်အတူနေချင်လှပြီရယ်လို့..
အကဲမပိုလောက်ပါဘူး..
ချမ်းတာမှအသည်းပင်ကြွေလောက်ပါရဲ့..
ကြင်သူမသိလောက်ပါဘူး..
သည်ဆောင်းမို့ပင်...။

သူငယ်ချင်း ဘိုဘို ရေးထားတဲ့ ကဗျာလေးပါ။

Saturday, November 14, 2009

.........သ,ထားသော စကားလုံးလှိုင်းများ

Thursday, September 3, 2009
ဆိုသည်မှာ/အကိုက်ခံထိ/စိတ်မ၀င်စားမှုအားသင့်/ယာယီ/
လမ်းလျှောက်နေသော/နှင့်/သိက္ခာစမ်းမခံသူ/ကဗျာ/
၁၉နှစ်သား/များ/မှတ်ပုံတင်မဲ့/ဟုတ်/လူငယ်/မဟုတ်ဟု/
မမှုသူ/.../...
ဦးတည်ချက်မဲ့နေတဲ့ စာတွေက ကဗျာလား ...........တဲ့
ခင်ဗျားဦးကိုတည်ထားတာ ကျုပ်ဆီကို..
လှည့်ရပ်လိုက်တဲ့ .............ဃ
မတတ်နိုင်ဘူး ကိုယ့်လူ...၊နေတတ်ထိုင်တတ်မရှိရင်
စကားပုံတစ်ခုက ခင်ဗျားနေရာမရတာအတွက်ဖြစ်သွားမယ်
လေးစားမှုကုန်စင်လွင့်ပြယ်ခြင်း
(အထင်ကြီးလေးစားမှုကိုမဆိုလိုခဲ့)
အမှတ်က ကွက်လပ်ပဲ..
အရှိကိုမှတ်တတ်ပါ၊မရှိတာက အဖြေ၊
လမ်းဖောက်နေတာလား တဲ့
လမ်းလျှောက်နေတာလား တဲ့
သေချာမကြည့်သလို၊ကြည့်ဖို့လည်းအားမထုတ်ဖူးပဲ ၊
ဒါနဲ့များဗျာ...နားမလည်ရင်ရှင်းမယ်
ခင်ဗျားမသိနိုင်အောင် ရှည်လျားလွန်းတဲ့
ကျုပ်လမ်းကိုကျုပ်လျှောက်ခြင်း
သေးသိမ်ကျဉ်းမြောင်းတဲ့ အာရုံစိုက်ခံရမှုအပေါ်
တန်ပြန်တိုက်ခိုက်မှုအတွက် မရပ်တန့်ပဲလုံလောက်တယ်
အချစ်မပါတဲ့ ...........တဲ့...ဟုတ်စ
............ဘာလုပ်သနည်း..
၁။...........သည် ကဗျာမရေးတတ်ပါ
၂။...........ရေးသည်မှာ ကဗျာမဟုတ်ပါ
၃။...........သည်ကဗျာမဟုတ်သည်များမရေးတတ်ပါ
မဟုတ်ဘူး ရေးတတ်တယ် မဟုတ်ဘူး မရေးတတ်ဘူး
အေေးဆေးပေါ့ဗျာ.ဖြေးဖြေးပြောပြော..ဖြည်းဖြည်း
ထင်မြင်ချက် ကျ နစွာ မချ နိုင်ဘဲ ကျကျနနပြချင်တဲ့
ခပ်နန သူပဲ၊နားမလည်ဘူးလား 'ခင်ဗျားကိုပြောတာ'
ခင်ဗျားသုံးတဲ့ ဆင်အထွာ ဆိတ်အထွာဆိုတာ
ဆင်အတိုင်း၊ဆိတ်အတိုင်း၊ခင်ဗျားအတိုင်းဘဲ၊
တိရိစ္ဆာန် စံပြု/ဟန်ပြု နှိုင်းယှဉ်မှုတွေဆိုတာ
သိ သိကြီးနဲ့ နော်..
...........အတိုင်းလိုချင်ပါလျှင်-
ဟို ဒီရွေ့လျားမှု၏ ကျန်ခဲ့သည်များ ဖြစ်စေ..
ကျွန်ုပ်ဆီ ဦးတည်ချက်မှ တစ်လက်စတည်းဖြစ်စေ..
မလုံလောက်လျှင် မိုလောင်းယူထားလိုက်
ဖိနပ်ချွတ်ပြီး 'ကန်တော့ပါသေးရဲ့'..
လက်ပိုက်မယ်..ခေါင်းညှိတ်မယ်
လူစင်စစ်ကနေ ဒါဝင်သီအိုရီကို
တမဟုတ်ချင်း သက်သေပြချင်သူ..
နားမလည်ရင်ရှင်းမယ် 'မျောက်'
ကြာပွတ်ကြိုက်တာလား၊
ခင်ဗျားအကြိုက်ပြောတဲ့
ယိမ်းနွဲ့ယဲ့ပါးနေတဲ့ ရိုးရာဟန်ဆိုတာကြီး...
'နမိတ်ပုံသုံးစွဲမှု နွဲ့လျခြင်းကိုသာလျှင်'
............ဆိုတာ ဘာမှန်းမသိတာတွေရေးတဲ့သူ တဲ့
ဆရာ ကနွဲ့ကလျကျပေတယ်ဗျာ..
ကိုယ့်စကားကို ကိုယ်တောင်လူမဆန်သူ
နားမလည်ဘူးလား ရှင်းမယ် ' အတိမ်အနက်ကိုတာဝန်မဲ့သူ'
သင် ယူ တတ် လျှင်.......သင် ရ လွယ် မယ် ၊
သင် ယူ တတ် လျှငိ.......ပြန် ပေး တတ် ရ မယ် ၊
ခင်ဗျားက ဘာလဲ ၊ ဘယ်လဲ ၊နားလည်လား၊
ခေါင်းပြတ်နေတဲ့ ခင်ဗျားပုံရိပ်ကြီးကိုများဗျာ...
ခင်ဗျား ကို ခင်ဗျားနားမလည်မှုတွေနဲ့
သူတစ်ပါး ကို ခင်ဗျားနားမလည်မှုအရာတွေဆီသို့
ခင်ဗျားကိုယ်တိုင်တောင် ဦးတည်မှန်း သွေဖည်မှန်း
မသိခြင်းကို ဟန်ဆောင်ပြီး
(င)ငါက (က)ဗျာဆိုရင် အချစ်ပါမှ.....' တဲ့လေ
ကိုယ့်လမ်းမှာ (ရှိလျှင်)ကိုယ်လျှောက်
အဖန်တရာတေနေတဲ့ ခင်ဗျားရုပ်ကြီးထည်လဲထည့်ထား
အဲဒါ ရသစစ်စစ်ပေးသေးတယ်တဲ့..
...........(အ)ကဗျာတွေကို ခံစားလို့မရဘူး...
(ကဗျာမဖြစ်ဘူး)
အချစ်ရူး ဆိုတာ အရူးချစ် လား ၊မသိလို့လား
သိလို့လားဆိုတာ ဘယ်သူသိမလဲ၊
ခင်ဗျားရုပ်ဟာ ခင်ဗျားစိတ်နောက်လိုက်နိုင်/
မလိုက်နိုင် စဉ်းစားနိုင်စိတ်ဟာ ခင်ဗျားရုပ်နောက်
လိုက်နိုင်/မလိုက်နိုင်။
ချစ်လို့ ချစ်ရမှန်း ဆိုတာ တောခြစ် တောင်ခြစ်
စက်ဝိုင်းတစ်ခုလို လည်နေရင်တောင် မ၀ိုင်းစက်
သာယာမှုနဲ့ချာချာလည်ရမ်းနေတဲ့သူ...
ကမ္ဘာပေါ် /ထက် /အောက် ခင်ဗျားနဲ့သူ ထင်ချင်သလိုထင်ပစ်၊
ဖြစ်ချင်တာဖြစ်ခွင့်မရလို့ ဖြစ်ချင်သလိုရေးဖြစ်/ပစ်တာ
ပြီးတော့'ဤစာသည် အချစ်ကဗျာဖြစ်ပါသည်'
'ကျွန်ုပ်နားမလည်သည်များကို.....' (ခင်ဗျား)
ြိပိုင်ချင်ရင် ဖြစ်ခွင့်ရဖို့ ကြိုးစားလိုက်!!!!!
'............သည် လူပြိန်းကဗျာများရေးပါသည်။'
သူငယ်တန်း ကလေးအထာတွေ...လန်းတယ်ဆိုတာတွေ
ခင်ဗျား နားလည်/မလည် တဲ့ လူပြိန်းကဗျာ ညီမျှခြင်း
လူပြိန်း+ခင်ဗျား+နားလည်/မလည်+တဲ့+ကဗျာ


သူယ်ချင်း LP သမားတစ်ယောက်ရေးတဲ့ ကဗျာလေးပါ ..အကြောင်းအမျိုးမျိုးကြောင့် သူမအားတာနဲ့ တာရာ့ရဲ့ ဘလော့မှာ တင်ပေးလိုက်တာပါ...(..............)အစက်လေးတွေက သူ့နာမည် ကိုယ်စားပြုထားတာပါ ..


ကျောင်းသားအတ္ထုပ္ပတ္တိ

(၁)
မင်းရဲ့ ရုပ်အလောင်းဟာ
ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ်
အမှောင်စုန်းစုန်းမှာ
အရာအားလုံး မေ့ဖျောက်ပစ်
နောက်တစ်ခေတ် မင်းအောင်မြင်စေကွယ်

အက်ကွဲနေသောလက်များနဲ့
ဘုရားသခင်ထံငါတို့ဆုတောင်း
မင်း.. ကောင်းရာသုဂတိလားပါစေ..လို့
ငါတို့ရဲ့
သွေးတစ်စက်ကို ထက်ဝက်ခွဲ
မင်းခံတွင်းထဲ
တဲတဲလေးလျှောချကြည့်ယင်
နှုတ်ခမ်းသေများက
ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည်
ဒီ..မို..က..ရေ..စီ..
ဒီမိုကရေစီလို့ .. ဆိုလိမ့်မယ်
ညီလေးရယ်
ရနိုင်မယ်ဆိုယင်
မင်းရဲ့အရိုးတစ်မှုံကို
နိဗ္ဗာန်ဘုံအထိယူပြီး
ဘုရားရှင်ကို ပြကြည့်ချင်တယ်..
မင်းဟာ သူရဲကောင်းလေးဖြစ်တယ်
မင်းဟာ အာဇာနည်လေးဖြစ်တယ်
မင်းဟာ ဗမာကျောင်းသားလေး.. ဖြစ်တယ်လေ။

(၂)
ရေငတ်သလို.. ငတ်ခဲ့ရတဲ့
ဗမာပြည်က “လူ့အခွင့်အရေး”ဟာ
အကျဉ်းထောင်ထဲမှာ
သင်္ချိုင်းမြေမှာ
တရားရုံးရဲ့ ရာဇ၀တ်မှုတွေထဲမှာ.. ရှိနေတယ်..
မင်း.. စွန့်ခွာခဲ့တဲ့
စာသင်ကျောင်းကလေး
မင်းသတင်းတွေ မေးနေပြီ
မင်းရဲ့ စာအုပ်ဟောင်းထဲမှာ
ဆရာမရဲ့ မှတ်ချက်...
မင်းအတွက်...
“နောက်ထပ်စာအုပ်အသစ်လဲပါ” တဲ့
စာအုပ်မလုံလောက်မှု
ဖောင်တိန်မလုံလောက်မှု
မုန့်စားဆင်းချိန်မှာ ကျောင်းခန်းထဲအိပ်နေမှု.. စတဲ့
လူမှုကိစ္စအ၀၀
မင်းချည်းမှ မဟုတ်ခဲ့ပါဘူးကွယ်
တိုက်ပွဲမှာ
ချွန်မြစွာ တောင်းဆိုနိုင်ဖို့
ခေါင်းလောင်းအိုကြီးကို နှုတ်ဆက်
ချီတက်လာတဲ့ အာဇာနည်လေးရေ..
ခွပ်ဒေါင်းရဲ့
တစ်ကြောင်းစာချွန်
သမိုင်းစင်ကိုထမ်း
ရာဇ၀င်ကြမ်းခက် သွေးစက်ရွှဲစို
ခုတော့..
မင်းရဲ့ ခုံနံပါတ်လေး “ငို” နေပြီ... ။

(၃)
ရွှေဘုန်းရောင်လက်ဝင်းတဲ့
နှင်းပြာပြာမနက်ဦးများမှာ
ဒို့ ကမ္ဘာကို
ပြန်လာဦးမှာလား.. ဟင်...
“အမျိုးဘာသာ သာသနာအတွက်
သား .. နှုတ်ဆက်ခဲ့ပါတယ်” တဲ့
မင်းထားခဲ့တဲ့ စာတိုကလေး
မင်းတို့ အိမ်ကို ပေးလိုက်ပြီ
ယိုင်ရဲ့ ကျဉ်းမြောင်းနေတဲ့
မင်းတို့ရဲ့ အိမ်ကလေးထဲမှာ
မင်းရဲ့ ဖေဖေဟာ
လက်သီးကို ကျစ်ကျစ်ပါအောင်
ဆုပ်ထားတယ်..
မင်းရဲ့ မေမေဟာ
အခန်းထောင့်မှာ
ငြိမ်သက်စွာထိုင်ပြီး
မျက်ရည်စီးကြောင်းတစ်ခုကို အဖော်ပြု
(ရင်ထဲမှာတော့)
သား ပြန် “လု” နေရှာတော့မယ်။


“ကောင်းမွန်စွာ
သင်္ဂြိုဟ်ပြီးစီးပါကြောင်း” .. တဲ့
အလောင်းကိုမှ
မမြင်ရ မတွေ့ရ
ဘယ်နေရာမှာ ကျဆုံးခဲ့သလဲ ညီလေးရယ်...
ဒေါင်းရုပ်ကလေးလိုပဲ
မင်းရဲ့ အတ္ထုပ္ပတ္တိဟာ
အတောင်ပံပါတယ်
တိုက်ပွဲဝင်တယ်
နွယ်လိုပတ်ချည် ခိုင်ကျည်နစ်စူး
ရောက်လေရာဘ၀အဆက်ဆက်မှာ
မင်း.. မော်ဖူးရခြင်းများစွာနဲ့
ကင်းဝေးပါလိမ့်မယ် ... ။

(၄)
အိမ်ထရံမှာ
တခါခါ မင်းမျက်ရည်သုတ်တဲ့
စုတ်ချာချာ လွယ်အိတ်ကလေး
ခေတ်ဘေးခေတ်ဒဏ်သင့်နေရှာတယ်..
“ခေတ်လွတ်လပ်မှ
ကျောင်းသားလွတ်လပ်မယ်”
အရွယ်နဲ့ မလိုက်အောင်တွေး
“ကျောင်းသားအရေး”ဆိုတာ
မင်းမှာ မရှိခဲ့ပါဘူး
“ဘုရားခေတ်မှာဆိုယင်
ရဟန္တာဖြစ်တဲ့အထိ လိမ္မာမယ်”
ဒါပေမယ့်...
“အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်တယ်”
ညီလေးရယ် မင်းသိပ်မှန်တယ်..

ခံယူချက်ကို
အမြောက်ဆံလို ပစ်ဖောက်
အဝေးဆုံး အမြင့်ဆုံး
ဘ၀တဆုံး မင်းရောက်ခဲ့တယ်..
စစ်မောင်းသံကြားယင်
ခွာတရှပ်ရှပ်ဖြစ်ချင်တဲ့
ခေတ်ရဲ့ စစ်မြင်းကလေးလို မင်းဟာ
ရာဇ၀င်ကို ထိုးခွဲ
တိုက်ပွဲကို ဒုန်းဖောက်
မီးတောက်ဆူးခြစ်
ခေတ်သစ်ပူဇော်
တော်လှန်တဲ့ ညီလေးရေ
ခွပ်ဒေါင်းအပေါင်းရဲ့
ကောင်းချီးသြဘာသံစေ
မင်းရောက်ရာအရပ်က ကြားပါစေ...

(၅)
ညီလေးရေ
ရာဇ၀င်ရေးရာ
စာအုပ်ပိတ်
တော်လှန်ရေးမှာ “အိပ်”တော့နော်
စိတ်ချသွားပါ
အရာအားလုံးကို မေ့ဖျောက်
သွေးနဲ့တည်ဆောက်တဲ့ အုတ်ဂူတစ်လုံး
တလောကလုံး လင်စေအားကွယ်..
တိမ်သားရိုးရီ
ဒီမိုကရေစီ တောင်တက်လမ်းက
ခပ်ကြမ်းကြမ်းကျောက်လေးတွေအဖြစ်
စွဲနစ်ကျန်တင်လို့ .. အောင်မြင်မှာပါ
ဗမာပြည်အတွက်
လိုအပ်တဲ့
“လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ”
အရှေ့ဖက်အရပ်မှာ
ခြင်္သေ့တွေ ချီလာပြီ
စစ်မြင်းတွေ ပြိုင်လာပြီ
ခွပ်ဒေါင်းတွေ ပျံလာနေပြီလေ..
ညီလေးရယ်
ငြိမ်းချမ်းစွာ
အေးမြစွာ
ရှင်းသန့်စွာ
နောက်ဘ၀မှာ မြင်ယောင်ကြည့်စမ်းကွယ်
ဘာပဲဖြစ်ဖြစ်
ယမ်းငွေ့တလူလူကြားထဲမှာ
မင်းချစ်တဲ့ ဗမာပြည်ကြီးဟာ
ဒေါင်းအလံကို ပန်းလို ပန်လို့ လှလို့..
သြော်..
ဒေါင်းအလံကို ပန်းလို ပန်လို့
လှလို့ပါပဲ .. ညီလေးရယ်.... ။ ။

ရွှေဘုန်းလူ

(ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမ္မဂ္ဂများအဖွဲ့ချုပ်မှ ထုတ်ဝေသော “အရေးတော်ပုံမှ ထွက်လာသော ၀ိညာဉ်များ၏ ပုံရိပ်များ” ကဗျာစာအုပ်တွင် ဖော်ပြထားသော ကဗျာကို မူရင်းသတ်ပုံအတိုင်း ဖော်ပြထားပါသည်)

Friday, November 13, 2009

Monday, October 05, 2009

ယမ်းဘီလူး

မင်းခိုက်စိုးစန်

(၁)
ဝဋ်တစ်ခုပါပဲ ကလေးရေ...
အဲဒီ , ဘဝဆိုတာကြီးများ
နားလည်အောင် ကြိုးစားရပလားဆိုရင်...

(၂)
စကြာဝဠာကြီးထဲမှာ
တို့ရဲ့ လူ့အဖြစ်ဟာ သေးငယ်နေလိုက်ပုံများ!!!

(၃)
ငှက်တွေတောင်
နံနက်ခင်းကို မှတ်မိနေကြပေါ့...။
ဂန္တ၀င်မြောက်ပါသကွဲ့
...သံတိုမယ်န နည်းနည်း
...ရေခဲတုံး နည်းနည်း
...ပြီးတော့ ရောင်စုံခဲတံတွေ
ငါတို့ခေါင်းထဲ ထိုးထည့်နေတာ...
စိတ်ညစ်နေလား ကလေးရေ...
ကိုယ်ဆွဲတဲ့ ပန်းချီကား
ကိုယ်ပဲ လက်မှတ်ရေးထိုးရမှာ...
ပန်းချီကားဘက်ကတောင် 'နာ'တယ်။
(ဒါ့ထက် သိမ်ငယ်စရာ)
ဘာဆိုဘာမှ မရှိတော့ပါဘူး)
ဟောဒီအရူးက
နံနက်ခင်းကို စုဘူးထဲထည့်ထားပြီး
အ၀ကျဉ်းကျဉ်းကလေးကနေ ချောင်းချောင်းကြည့်
ဘယ်တော့မှ မမှတ်မိနိုင်ပုံလေ...။
ဂန္တ၀င်မြောက်ပါသကွဲ့
ငါ့ရဲ့ စုဘူးထဲက နံနက်ခင်း
ငါ့ ပန်းချီကားထဲမှာ အလိုလို လင်းပနေလိုက်ပုံ!!!
ဝဋ်တစ်ခုပါပဲ ကလေးရေ...
အဲဒီ,ဘ၀ဆိုတာကြီးများ
နားလည်အောင် ကြိုးစားပလားဆိုရင်...

(၄)
'သူမ'နဲ့ 'သ'ူနဲ့
နှစ်ယောက်ချင်း ဆံပင်တွေကို ချည်နှောင်ကြ
ကိုယ့်ရင်ဘတ်ကိုယ်...ကြိုးတပ်လို့
ကိုယ့်ဘာသာကိုယ် တယောထိုးပစ်
စကားလုံးအသစ်တွေ ဖောဖောသီသီသုံးပြီး
တို့ နားမလည်တဲ့ အရာတွေအားလုံးကို
အဲဒီ အမှိုက်ပုံးထဲ တွန်းချဘို့ ကြိုးစား...
ကလေးရေ...
ဒါ...မရိုးသားမှုပါကွဲ့
အဲဒါကို... ချစ်ကြ! ချစ်ကြ! ချစ်ကြ!
ကိုယ့် ပွဲကြည့်စင် ကိုယ်ဆောက်ပြီး
'အထူးတန်းမှာထိုင်သူ'လို့ နာမည်တပ်
မြင့်မြတ်စွာ အောက်တန်းကျနေလိုက်ပုံများ
ရေစုပ်ဝဲကြီးများတောင် ဖြစ်လို့!!!
ကလေးရေ...
ရေဆန်ကို ဖြောင့်ဖြောင့်ကူးနေလို့ကတော့
မင်း...အဲဒီ ဝဲက
လွတ်မှ လွတ်ပါ့မလားကွယ်...။
စကြာဝဠာကြီးထဲမှာ
တို့ရဲ့ လူ့အဖြစ်ဟာ သေးငယ်နေလိုက်ပုံများ!!!

(၅)
လက်ဖက်ရည်ခွက်ထဲ
ကျပြီးသေနေတဲ့ ယင်ကောင်ဟာ...ငါပါပဲ
၂၆ နှစ်လုံးလုံး ညစ်ပတ်
ပန်းကန်ထဲမှာတောင်
ရောဂါပိုးမွှားတွေ ကပ်ညိကျန်နေခဲ့လောက်တဲ့
(ဆေးရုံတစ်ရုံလောက် များမှာပ
...ကုသဗေဒ များသလောက်
...ရောဂါပိုးမွှား များပုံတွေ)
ငါ...၊ ငါ့ မဟာမိတ်...၊ ငါ့ ရန်သူ...
အားလုံး... နာတာရှည် ရောဂါသည်ချင်း အတူတူပါပဲ။
ငါတို့တွေ...ကိုယ့်ကိုကိုယ် မှတ်မိကြပြီလေ!
(ငှက်တွေ...နံနက်ခင်းကို
ရင်းရင်းနှီးနှီး မှတ်မိပုံမျိုး?)
ငါတို့ မသိတာတွေ... များ
ပြီးတော့ ... သိသွားမှာပ။
သိအောင် ဘ၀ကို စာမေးပွဲစစ်ကြ။
ပြီးတော့...
ရလာသမျှ အမှတ်စာရင်းတွေကို
ခြေစုံပစ်ပြီး ယုံလိုက်!!!
ဒါပဲ။ ဒါဟာ ယေဘုယျပဲ။
လိမ်လိုက်ကြ!
စိတ်ညစ်နေမလား... ကလေးရေ
စကြာဝဠာကြီးထဲမှာ
တို့ရဲ့ လူ့အဖြစ်ဟာ သေးငယ်နေလိုက်ပုံများ!!!

(၆)
မနေ့ကတင် ချုံးချုံးကျသွားခဲ့...
...မော်တော်ကားတစ်စင်းမှာ
ငါ့ ဖောင်းလိုက်ပိန်လိုက် အဆုတ်ကြီးကို တပ်ဆင်
... မောင်းနှင်ပစ်လိုက်တာ ... ... ...။
ပျက်နေတာများ ကောင်းသွားမလားဆိုရင်
ငါတို့ရဲ့ စိတ်ဓာတ်တွေ...
ဟောဗားယာဉ်လို ပျံသန်းသွားတတ်လိုက်ကြတာ...
မုတ်သုန်လေထက်တောင်မှ
ပေါ့ပါးနေသေးရဲ့။
ဒီလိုပဲ...
ပျံသန်းလိုက်၊ နားနေလိုက်နဲ့
ဆောင့်ကြီး အောင့်ကြီး ဖွာလိုက်တဲ့ ဆေးလိပ်လို
... တိုဝင်သွား!
အင်းပေါ့လေ...
ငါတို့ရဲ့ စိတ်တွေ မီးဖွားရဲရဲ
အစီခံ ဘယ်တော့ရောက်မလဲ???
... သတ္တိရှိရှိ ကြောက်လန့်နေ...
ဝဋ်တစ်ခုပါပဲ ကလေးရေ...
အဲဒီ, ဘ၀ဆိုတာကြီးများ
နားလည်အောင် ကြိုးစားပလားဆိုရင်...
အား!!!
ကွယ်လွန်သူတို့ရေ...
ငါတို့ရဲ့ ဆံပင်တွေနဲ့
လွမ်းသူ့ပန်းခွေတစ်ခွေ ယက်ပို့လိုက်ပါရဲ့...
ကော့ပါးနီးကပ်(စ်)ကတော့
ကမ္ဘာကို တစ်ပါတ်ပြီးတစ်ပါတ် လည်စေခဲ့ပြီ...
ဟောဒီ ငတိတွေမှာသာ
အ၀ါရောင် ချွဲပျစ်ပျစ်နဲ့
နေမကောင်းဖြစ်လို့ ကျန်ခဲ့တုန်း...
ခက်တယ်... ကလေးရေ
စကြာဝဠာကြီးထဲမှာ
တို့ရဲ့ လူ့အဖြစ်ဟာ သေးငယ်နေလိုက်ပုံများ!!!

(ရ)
တေ့ဆက် ဆက်ထားတဲ့ အဟောင်းအနွင်းတွေကြားမှာ
လှေခါးတစ်ခုလို ငါငြီးငွေ့နေခဲ့။
... ... ...
ငါတို့ ဘာတွေကို ယူလာခဲ့သလဲ???
ငါတို့ ဘာတွေကို ထားခဲ့မှာလဲ???
တို့ မသိဘူး။
ပြန်သတိရမိ။
ငယ်ငယ်တုန်းက ကြုံးဝါးခဲ့ဘူးတာ...
"ကမ္ဘာလုံးကို အံစာတုံးလို ခေါက်ပြလိုက်မယ်!
မီးတောက်ကို ဘယ်သူ ဇောက်ထိုးထားလို့ ရမှာလ!!!"
ဒါနဲ့ပဲ...
ကုန်သည်လေထဲ
ငှက်တွေ ရင်ကော့ တိုးဝင်နေပုံ...
ငါ...
ယုံယုံကြည်ကြည်ကြီး ငေးကြည့်နေဖြစ်ပြန်ရော...

(၈)
ကလေးရေ...
ချိန်ခွင် တစ်ဖက်တစ်ချက်ဆီမှာ
မင်းနဲ့ငါ... ၀င်ထိုင်ကြမယ်
ပြီးတော့... မင်းနဲ့ငါ ခွဲခွါကြမယ်
ပြီးတော့... နောက် ဆယ်နှစ်ကြာတဲ့အခါ
မင်းနဲ့ငါ ပြန်ဆုံကြမယ်လေ...
ပြီးတော့... လိုအပ်ပစ်လိုက်ကြမယ်!!!
ကွန်ပါဘူး အသစ်ကျပ်ချွတ်လို သပ်ယပ်မှုမျိုးနဲ့
ငါတို့ဟာ (အဲဒီအခါ)
ကမ္ဘာကြီးတစ်ခုလုံးကို လိုအပ်ပစ်လိုက်ကြတာပေါ့!!!
ယုံတယ်မဟုတ်လား
တစ်ခြားလူ မဟုတ်ပါဘူး
ငါပါ... ငါပါ... ငါပါကွဲ့...
နတ်ရေကန်ထဲ ပစ်ချခံခဲ့ရတာ မဟုတ်ပါဘူး
ခြေစစ်ပွဲမှာတောင်
ပယ်နယ်တီ ဆယ်ခါ ကန်ခဲ့ရတဲ့ ကောင်ပါကွဲ့...။
ဟေ့ ... လာ!!!
မျက်လုံးနဲ့ မေးရိုးတွေမှာ
သေချာမှုတစ်ခုရဲ့ မာနနဲ့ မီးလျှံတွေ တောက်ပ
ဒဿမ ရှာမရတော့အထိ
ငါတို့ ချွန်...မြ...ပစ်...လိုက်...ကြ...ရ...အောင်!!!

(၉)
စကြာဝဠာကြီးထဲမှာ...
'လူ'လာဖြစ်ကြတဲ့
(ကောင်လေးနဲ့ ကောင်မလေး)
အဲဒီ သေးသေးကွေးကွေးလေး နှစ်ယောက်ဟာ...
ဘာဆို ဘာကိုမှ မကြောက်တတ်ကြပါဘူး။
... ... ...
ကလေးရေ...
ကျောက်တောင်ကြီးတွေကိုတောင်မှ
ဖြိုချပစ်လိုက်နိုင်တဲ့
အဲဒီ 'ဒိုင်းနမိုက်'ဆိုတာလဲ
အထုပ်သေးသေးလေးတွေပဲ မဟုတ်လားကွယ်။

မင်းခိုက်စိုးစန်

(လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကဗျာပေးပို့ခဲ့တဲ့ kcnc ကို ကျေးဇူးတင်ပါတယ်)

Thursday, November 12, 2009

ပြောင်းပြန်စီးတဲ့မြစ်

အနည်ကျနေတဲ့ မြူတစ်အိုးကိုမွှေနှောက်ရင်း
ငါ့ဘဝကိုငါ ပြန်စဉ်းစား
ဖြတ်သန်းခဲ့ရတဲ့ ဘဝရဲ့အပိုင်းအစများ
အဝါနဲ့ အပြာရောင်ပေါင်းစပ်
မကောင်းတတ်တဲ့ ဘဝမို့
ကိုယ့်ကိုကိုယ် ရှုံ့ချပစ်ချင်ရဲ့........

လောကမှာလေ
နေတတ်ရင် ကျေနပ်စရာချည်းပဲ
ထမင်းတောင် နပ်မှန်အောင်မစားနိုင်ဘဲ
ပင်လယ်ကို ဖြတ်ကူးဖို့ကြိုးစားတုန်း
အားလုံးနဲ့ငါ မလိုက်ချင်ပါဘူး
ငါသွားချင်တာက.....
ရိုးသားမြင့်မြတ်တဲ့ နေရာ...။ ။
စိတ်ကူးချစ်သူ

မြင်ကွင်းက
မျက်လုံးထောင့်စွန်းနားမှာ ဝိုးတဝါးဝါးပဲ
ဒါပေမယ့်...
ကျွန်တော့ နှလုံးသားမှာ
ကြယ်တွေ ပွင့်ဝေဖြာထွက်သွားတယ်။

ဂရိဒဏ္ဍာရီထဲက
ဟယ်လင် မင်းသမီးရဲ့အလှမျိုးပါ
နှစ်နှစ်ကာကာအပြုံးက သိပ်ကြောက်စရာကောင်းတယ်တဲ့
ဒါပေမယ့်...
သူမက မိုနာလီဇာ အပြုံးကိုပိုင်ဆိုင်ထားတယ်။

မြင်ကွင်းတစ်ချက် လျှပ်တစ်ပြတ်မှာပဲ
ကျွန်တော့ရင်ထဲကို
မီးနဲ့ရေ ကြဲပက်လိုက်သလို
ပူလောင်အေးမြသွားတယ်။

သူမသာ
ရက်စက်တတ်ခဲ့မယ်ဆိုရင်
တံစဉ်ကိုင်ထားတဲ့ လယ်သမားရဲ့ရှေ့မှာ
စပါးပင်ကလေး ခါးကိုင်းပေးပြီး
အခုတ်ခံသလိုမျိုး
ရိုကျိုးသိမ်မွေ့စွာနဲ့
ကျွန်တော် သူ့ကိုချစ်သွားမှာပါ။ ။


ဒီကဗျာက သူငယ်ချင်း ‘‘သဒ္ဒါရဲရင့်’’ ရဲ့ကဗျာပါ။ တာရာမင်းဝေရဲ့ ဝတ္ထုထဲက စာသားတွေကိုစုပြီး ကဗျာတစ်ပုဒ်ဖြစ်အောင် ရေးထားတာပါ။ ကော်ပီလို့ပဲပြောပြော၊ ဖောက်ထွက်တယ်လို့ပဲဆိုဆို ကြိုက်သလိုဝေဖန်လို့ ရပါတယ်။ ရေးထားတာတော့ တော်တော်ကြာပါပြီ။ ၂၀၀၂ လောက်ထဲကပါ။
မင်းရဲခေါင်ဖြစ်တည်မှု

သံသယတွေကြားမှာ
တရစ်ရစ်မြုတ်လို့
ကိုယ့်အိပ်မက်ကိုမှ
ရှင်အောင်မမွေးနိုင်တဲ့အကောင်
သွေးက ဘယ်မှာရဲနိုင်တော့မှာလဲ။

ဘယ်သူ့ဂရုစိုက်မှုမှမရခဲ့လို့
ကိုယ့်မေတ္တာကိုယ် သွေးသောက်
ကိုယ့်လမ်းကိုယ် လျှောက်ခဲ့တဲ့ကောင်ပါ။

အိပ်မက်နဲ့ မျှော်လင့်ချက်
ရဲရင့်စွာ အသက်မဆက်နိုင်လို့
ကိုယ့်ဇာတ်လမ်း ကိုယ်ရေး
ကိုယ့်မင်းသား ကိုယ်သတ်
ကိုယ်ပဲ တရားခံလုပ်
ကိုယ့်ကိုယ်ကို အမိန့်ထုတ်
ကိုယ့်ဇာတ်ထုပ်နဲ့ ကိုယ်ရှုပ်ရင်း
ကိုယ်ပဲ လူယုတ်မာဖြစ်နေခဲ့တဲ့သူပါ။ ။

မင်းရဲခေါင်
ရွှေမြန်မာမဂ္ဂဇင်း
အောက်တိုဘာ၊ ၂၀၀၉။
မဆုံသောလမ်း

ချစ်သူသက်ထား
သူ့အနားက သွားတော့မယ်လို့
အားငယ်နှုတ်ဆက် မချန်ရက်တော့
ပင့်သက်လှိုက်နွမ်း ရင်မချမ်းမြေ့
မျက်ရည်ဝေ့ပြီ
ကိုယ့်အချစ်ကို ပေးထားခဲ့သူ
မေ့ဘူးမေရယ်......ဝေးတော့မယ်။

ကျောခိုင်းဆန့်ကျင် ဝေးရာနှင်လည်း
မြုံးတွင်မိထား နှလုံးသားကို
မျက်ဝါးထင်ထင် ပြန်တွေ့မြင်ရ
ဆို့နင့်ရမြဲ မပျော်ရဲချေ
ရင်ထဲ ထိခိုက်ရလွန်း၏။

ပြုံးလို့ပျော်ရွှင် စိတ်ကြည်လင်သော်
ချစ်အိပ်မက်များ ပြန်ယူထားချင်
ဆန္ဒဝင်လည်း ဘဝအငှားမျည်းသားပြီးမို့
ကိုယ့်စည်းကိုယ်ခတ် သည်အရပ်က
လက်ပြနှုတ်ဆက် ပြန်ခဲ့ရပြီ။

ရှေ့ခရီးဆက် လမ်းတစ်ဝက်က
ဆုံရန်မရေရာ မသေချာတဲ့ဘဝ
စွန့်လွတ်ရင်းနဲ့ နှုတ်ဆက်ခဲ့တယ်ချစ်သူရယ် ။ ။


ဒီကဗျာလေးက သူငယ်ချင်းတစ်ယောက်က ကျွန်တော်အရမ်းကြိုက်လို့ လက်ဆောင်ပေးထားတာပါ။ ဖြစ်ချင်တော့ သူရေးထားတဲ့ကဗျာလဲ မဟုတ်ပါဘူး။ ဘယ်သူရေးမှန်းလဲ မသိပါဘူး။ ရေးတဲ့ အချိန်ကတော့ တော်တော်ကြာပြီထင်ပါတယ်။ ကျွန်တော်ရတာတောင် ၁၉၉၉ လောက်ကပါ။ရေးတဲ့သူ ဖတ်မိရင်ခွင့်လွတ်စေချင်ပါတယ်။
အချစ်နှင့် ပတ်သတ်၍...


ဟို အရင်ခါကအတွေးတွေ
ဝေဝေဆာဆာ သီးပွင့်ခဲ့
ဘယ်တော့မှ မဆွေးနိုင်တဲ့ကဗျာတစ်ပုဒ်လို
အတွယ်အတာတွေ များခဲ့ပြီပေါ့ ။

လမင်းကြီးရယ်
ဘယ်အကြောင်းနဲ့ပဲဖြစ်ဖြစ်
ကျွန်တော်သူ့ကို မမုန်းကြောင်းပြောပေးပါ ။

ငါ့ကို စွန့်ပစ်ခဲ့တဲ့ခရေတစ်ကုံးအတွက်
မဟောင်းနွမ်းနိုင်တဲ့ ကြယ်တစ်လုံးလို
မွှေးရနံ့တွေ ထာဝရပေးချင်တယ် ။

နင်နဲ့ပတ်သတ်ခဲ့သမျှ ငါ့အကြောင်း
အဆိုးအကောင်းတွေ ဒွန်တွဲနေလေရဲ့
လွန်ဆွဲနေတဲ့ အမှတ်ရစရာတွေကြားက
ငါ...နင့်ကို
သတိရနေမှာပါ...။

ဝေးခဲ့ရပြီ...
ကမ္ဘာကြီးရဲ့ ဆွဲအားတွေလား
ဘာမြူဒါရဲ့ ဆွဲအားတွေလား
ဘာမှန်းတော့ မသိဘူး
ဒါပေမယ့်.......။

ချစ်သူနဲ့ ဝေးနေရတဲ့အချိန်
တိမ်လွှာဝတ်ရုံခြုံလွှမ်းထားတဲ့ လမင်းလေးကို
ငါ အတင်းပြေးပြီး
နင့်... သတင်းမေးလိုက်ချင်တယ် ။

အဖော်မပါ တစ်ကိုယ်ထဲ
နှင်းတောထဲမှာ လျှောက်လှမ်းရင်း
ထွေးပွေ့ထားတဲ့ ဆောင်းနှင်းရဲ့ရင်ခွင်ကြားက
နင့်ကိုငါ သတိရနေမိတယ်..။

မုန်းတယ်...မုန်းတယ်...မုန်းတယ်
နင်ပြောတဲ့ ဒီစကား
ဘယ်တော့မှ ငါမကြားချင်ပါဘူး
အမှားတွေကို ပြင်ဆင်ပေးပါ
ချစ်သူ...
ငါ့ကို....နင် မမုန်းပါနဲ့ ။ ။
အမှတ်တရ

အဲဒီ ဗုဒ္ဓဟူးနေ့ပေါ့
စုတ်ချက်ပြင်းတဲ့ ပန်းချီကားတစ်ချပ်လို
ဆေးနီတွေ ရဲ...ကနဲ
လမ်းမပေါ် ကျဲချလိုက်တယ်။
ရက်ရက်စက်စက် ဆွဲပြလိုက်တဲ့ပန်းချီကား
အနှစ် နှစ်ဆယ်သာတိုင်သွားတယ်
လွမ်းငွေ့တွေပြယ်မသွားဘူး ။ ။
Valentine ညဆိုတာ


သည်လို ညမျိုးမှာတော့
ချစ်သူအတွက်ရေးစပ်ထားတဲ့ ကဗျာတစ်ပုဒ်နဲ့
အေးစက်စက် ဆောင်းလက်ကျန်
ပြီးတော့...
အဖော်ကွဲနေချိန် ဝေဒနာတစ်ချို့နဲ့
အသဲကွဲရင် သောက်တဲ့အရည်တစ်မျိုး
ကံကြမ္မာကပဲ ခင်းကျင်းပေးထားသလိုနဲ့
ငါ့အနားကို ရောက်လာခဲ့.....။ ။

မျှော်လင့်ချက်တွေက
ရင်ခွင်တစ်ခုလုံးနီးပါး ဝေဆာနေခဲ့တော့
အိပ်တန်းပြန် ငှက်တစ်ချို့ရဲ့
ရင်ကွဲဒဏ်ရာကိုတောင် မခံစားတတ်ခဲ့ဘူး။ ။

တစ်ကယ်တမ်းဆို
စိတ်နဲ့တောင် မဆံ့အောင်လွမ်းတတ်ခဲ့တော့
သူများတွေလို ငါ့မှာ
မပျော်နိုင်ခဲ့ရှာဘူးလေ ။ ။


စိတ်နဲ့တောင်မဆံ့အောင် လွမ်းတယ်ဆိုတာ ‘‘ကိုနေဝင့်နွယ်’’ ရဲ့စာသားလေးကို ယူသုံးထားတာပါ။ အလှမ်းဝေးနေလို့ ခွင့်ပြုချက်မတောင်းမိပါဘူး။ ဖတ်မိရင် ခွင့်ပြုစေချင်ပါတယ်။
ကျောင်းသူလေး

ဖုံထူထူ
နေပူပူနဲ့
လေပူပူကတိုက်
ဒဂုံကျောင်းသူ အိမ်အပြန်လမ်းမှာ
ခွေးရူးကကိုက် ။

မောင့်ချစ်သူ
အုတ်ဂူဖြူဖြူဖွေး
သေးပူပူနဲ့ ပန်းပါ့မယ် ။ ။


ဒီကဗျာလေးက တက္ကသိုလ်ကျောင်း တော်တော်များများက နံရံ၊ သင်ပုန်း၊ အိမ်သာတွေမှာ တွေ့ရများတဲ့ ကဗျာတစ်ပုဒ်ပါ။ ဘယ်သူရေးမှန်း မသိရပေမယ့် နေရာတော်တော်များများမှာ တွေ့ရလေ့ရှိပါတယ်။ တက္ကသိုလ်နာမည်တွေသာ ပြောင်းသွားပေမယ့် ဒီစာသားလေးကတော့ လူကြိုက်များတယ်လို့ ပြောရလောက်အောင် မပြောင်းလဲပါဘူး။ ညမွှေးပန်း သီချင်းလိုပဲ ရေးသူဘယ်သူမှန်း မသိပဲ လူကြိုက်များလှ ပါတယ်။ ကျွန်တော်လဲ အကြိုက်တွေ့နေလို့ တင်လိုက်ခြင်း ဖြစ်ပါတယ်။

Wednesday, November 11, 2009


ကိုယ့်ချစ်သူ

ချစ်သူ့ ကိုယ်လုံးလှလှလေးကို
လူတစ်ချို့က ‘‘ငါးဖောင်ရိုး’’ တဲ့

ချစ်သူ့အသား ပြာပြာလေးကို
လူတစ်ချို့က ‘‘မဟူရာ’’ တဲ့

ဒါပေမယ့်
အားမငယ်နဲ့ ချစ်သူ
ကိုယ်က ‘‘ငါးကျည်းခြောက်’ကြိုက်ပါတယ်။ ။



သူငယ်ချင်း KZ ရဲ့ ကဗျာလေးပါ။