Thursday, November 12, 2009

စိတ်ကူးချစ်သူ

မြင်ကွင်းက
မျက်လုံးထောင့်စွန်းနားမှာ ဝိုးတဝါးဝါးပဲ
ဒါပေမယ့်...
ကျွန်တော့ နှလုံးသားမှာ
ကြယ်တွေ ပွင့်ဝေဖြာထွက်သွားတယ်။

ဂရိဒဏ္ဍာရီထဲက
ဟယ်လင် မင်းသမီးရဲ့အလှမျိုးပါ
နှစ်နှစ်ကာကာအပြုံးက သိပ်ကြောက်စရာကောင်းတယ်တဲ့
ဒါပေမယ့်...
သူမက မိုနာလီဇာ အပြုံးကိုပိုင်ဆိုင်ထားတယ်။

မြင်ကွင်းတစ်ချက် လျှပ်တစ်ပြတ်မှာပဲ
ကျွန်တော့ရင်ထဲကို
မီးနဲ့ရေ ကြဲပက်လိုက်သလို
ပူလောင်အေးမြသွားတယ်။

သူမသာ
ရက်စက်တတ်ခဲ့မယ်ဆိုရင်
တံစဉ်ကိုင်ထားတဲ့ လယ်သမားရဲ့ရှေ့မှာ
စပါးပင်ကလေး ခါးကိုင်းပေးပြီး
အခုတ်ခံသလိုမျိုး
ရိုကျိုးသိမ်မွေ့စွာနဲ့
ကျွန်တော် သူ့ကိုချစ်သွားမှာပါ။ ။


ဒီကဗျာက သူငယ်ချင်း ‘‘သဒ္ဒါရဲရင့်’’ ရဲ့ကဗျာပါ။ တာရာမင်းဝေရဲ့ ဝတ္ထုထဲက စာသားတွေကိုစုပြီး ကဗျာတစ်ပုဒ်ဖြစ်အောင် ရေးထားတာပါ။ ကော်ပီလို့ပဲပြောပြော၊ ဖောက်ထွက်တယ်လို့ပဲဆိုဆို ကြိုက်သလိုဝေဖန်လို့ ရပါတယ်။ ရေးထားတာတော့ တော်တော်ကြာပါပြီ။ ၂၀၀၂ လောက်ထဲကပါ။

No comments:

Post a Comment