Tuesday, December 21, 2010

ပြောင်းလဲသင့်သည့် မြန်မာပြည်၏ အမှိုက်စွန့်ပစ်ရေး

b33802

b33803
ဦးချစ်မောင်လမ်းမတွင် အမှိုက်များ သိမ်းဆည်းနေစဉ်

ရန်ကုန်မြို့တွင် နေထိုင်သူ လူဦးရေ များပြားလာသည်နှင့်အမျှ ဈေးများ၊ အိမ်များနှင့် လူနေတိုက်ခန်းများမှ စွန့်ပစ်သော အမှိုက်များ၊ စွန့်ပစ်ပစ္စည်းများ စွန့်ပစ်မှု များပြားလာခြင်းနှင့်အတူ လက်ရှိ အမှိုက်သိမ်းစနစ်ကို ပြောင်းလဲရန် လိုအပ်လာသည်ဟု ရန်ကုန်မြို့နေ ပြည်သူများက သုံးသပ်ခဲ့ကြပါသည်။

လက်ရှိတွင် ရန်ကုန်မြို့ရှိ နေအိမ်များ၊ ဈေးများမှ စွန့်ပစ်ပစ္စည်းများနှင့် အမှိုက်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သတ်မှတ် အမှိုက်သိမ်းစနစ်ဖြင့် လိုက်လံသိမ်းဆည်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

”အခုချိန်မှာတော့ ကျွန်တော်တို့ တွေ့နေရတာက အိမ်အသီးသီးက အမှိုက်တွေကို ရပ်ကွက်ထဲက အမှိုက်ကန်တွေမှာ စွန့်ပစ်ကြတယ်။ အဲဒီ စွန့်ပစ်ထားတဲ့ အမှိုက်ကန်ထဲက အမှိုက်တွေကို စည်ပင်က သူ့အချိန်နဲ့သူ လာသိမ်းတယ်။

အချို့ အမှိုက်ကန်မရှိတဲ့ နေရာတွေကျတော့ ကားလမ်းမကြီးဘေးမှာပဲ ဖြစ်သလို စွန့်ပစ်ထားတာ တွေ့ရတယ်။ ညနေစောင်းကနေ ည ၁၀ နာရီလောက်အထိ လမ်းဘေးမှာ အမှိုက်ပုံ အကြီးကြီး ဖြစ်နေပြီး ၁၀ နာရီကျော်လောက်မှ လာသိမ်းတာ တွေ့ရတယ်။ အဲဒီတော့ ဒီအမှိုက်ပုံကထွက်တဲ့ အနံ့ဆိုးတွေဟာ ဖြတ်သွားဖြတ်လာတွေ အတွက် အနှောင့်အယှက် ဖြစ်သလို မြို့တော်သာယာလှပရေး အတွက်လည်း အတားအဆီးတစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့် ဒီထက်ပိုမို ကောင်းမွန်တဲ့ အမှိုက်ပစ်တဲ့ ပုံစံနဲ့ အမှိုက်သိမ်းစနစ် ဖြစ်လာဖို့ လိုပါတယ်”ဟု ဗဟန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင်းရှိ ရပ်ကွက်များတွင်မူ တစ်နိုင်တစ်ပိုင် ပုဂ္ဂလိက အမှိုက်သိမ်းသူများလည်း ပိုမို များပြားလာကြောင်း သိရသည်။ အဆိုပါ အမှိုက်သိမ်းသူများမှာ ရပ်ကွက်အတွင်းရှိ နေအိမ်များမှ အမှိုက်များကို အခပေးစနစ်ဖြင့်
သိမ်းယူခြင်းများ ပြုလုပ်ကြောင်း သိရသည်။

”အရင်ကတော့ ခေါင်းလောင်းတီး အမှိုက်သိမ်းစနစ်နဲ့ အမှိုက်လိုက်သိမ်းတာ ရှိပါတယ်။ အခုနောက်ပိုင်း အိမ်ရှိ လူအကုန်က မနက်ဆို အလုပ်သွားကြ၊ ညဆို မှောင်မှပြန်ရောက်ကြတာ ဆိုတော့ အဲဒါတွေ ရှိသေးလား၊ မရှိဘူးလားဆို တာတော့ သတိမထားမိပါဘူး။ အိမ်က အမှိုက်တွေကိုတော့ မနက်စောစောဆို တွန်းလှည်းလေးတွေနဲ့ အမှိုက်ပစ်ပေးရမလားလို့ လာလာမေးနေတဲ့ ကောင်လေးတွေရှိနေတော့ သူတို့ကိုပဲ မုန့်ဖိုးပေးပြီး ပစ်ခိုင်းလိုက်တာပါပဲ”ဟု စမ်းချောင်းမြို့နယ် အတွင်း နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောပါသည်။

ထို့အပြင် အမှိုက်သိမ်းကားများ၊ တစ်နိုင်တစ်ပိုင် အမှိုက်သိမ်း တွန်းလှည်းများမှာ အမှိုက်များကို ပြည့်လျှံစွာ တင်ဆောင်ခြင်းကြောင့် လမ်းမပေါ်သို့ အညစ်အကြေးများ စီးကျခြင်း၊ အမှိုက်များ ဖိတ်ကျခြင်းတို့ ဖြစ်ခြင်းတို့မှာလည်း မသင့်လျော်ကြောင်း ရန်ကုန်မြို့နေ ပြည်သူများက သုံးသပ်ကြပါသည်။

”ကျွန်မတို့နားမှာတော့ စည်ပင်က အမှိုက်တွေ ပုံမှန်လာသိမ်းပါတယ်။ ဒါပေမယ့် အမှိုက်ကားတွေက တော်တော်ဟောင်းနေတော့ တချို့ အမှိုက်တွေက လမ်းပေါ်ပြန်ကျကျန်တာ၊ တချို့ အညစ်အကြေးတွေက တစ်စက်တစ်စက်နဲ့ လမ်းပေါ်ပြန်ကျသွားတာတွေ တွေ့နေ မြင်နေရတာ စိတ်မသက်သာစရာပါ။ အမှိုက်တွေ၊ အညစ်အကြေးတွေ လိုက်သိမ်းနေတဲ့ သူတွေကို တွေ့ရတာလည်း စိတ်မကောင်းစရာပါ။ နောက်ပြီး အမှိုက်ပုံဝန်းကျင်မှာ နေကြတဲ့ ကျွန်မတို့ အနေနဲ့ကတော့ တော်တော် စိတ်အနှောင့်အယှက် ဖြစ်ရသလို ရေရှည်မှာ ကျန်းမာရေးအတွက်ပါ စိုးရိမ်နေရပါတယ်”ဟု ရန်ကုန်မြို့ခံ အိမ်ရှင်မတစ်ဦးက ပြောပါသည်။

”အန်တီတို့ကတော့ ကွန်ဒိုအခန်းတွေဆိုတော့ ကွန်ဒိုဘေးက အမှိုက်ကန်ကို ပစ်လိုက်တာပဲ။ အဲဒီ အမှိုက်ကန်က အမှိုက်ကို စည်ပင်ကတော့ လာသိမ်းတာပဲ။ ဘယ်နှစ်ရက်တစ်ခါလာလဲတော့ သတိမထားမိဘူး။ ဒါပေမယ့်
အမှိုက်ကန်ပြည့်လို့ အမှိုက်လာမသိမ်းတဲ့ ရက်တွေဆို အဲဒီကထွက်တဲ့ အနံ့တွေနဲ့ အမှိုက်ကန်ဘေးက ဖြတ်သွားဖို့ကို တော်တော်စဉ်းစားရတယ်”ဟု ဗဟန်းမြို့နယ် အတွင်း ကွန်ဒိုတိုက်ခန်းတစ်ခုတွင် နေထိုင်သူတစ်ဦးက
ပြောပါသည်။

”ကျန်တဲ့နေရာတော့ မသိဘူးဗျာ။ ကျွန်တော် နေ့တိုင်း အလုပ်ပြန်တဲ့အခါ ကားစောင့်ရတဲ့ မြေနီကုန်း ဒဂုံစင်တာရှေ့ ဘတ်စကားမှတ်တိုင် အနားမှာရှိတဲ့ အမှိုက်ပုံကတော့ အနံ့ကလည်းဆိုး၊ လူမြင်လို့လည်း မကောင်းဘူး။ အဲဒီနားမှာနေတဲ့ သူတွေလည်း အဲဒီကိုမှမပစ်ရင် ပစ်စရာ မရှိတော့လည်း လာပစ်ကြတာလို့ ပြောတယ်။ ဒီနေရာက မီးပွိုင့်နဲ့လည်းနီးတယ်။ ကားမှတ်တိုင်လည်း ဖြစ်တယ်။ ဒါကြောင့် စနစ်တကျနဲ့ ပစ်မယ်။ စနစ်တကျနဲ့
သိမ်းမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ”ဟု သင်္ဃန်းကျွန်းမြို့နယ်မှ စမ်းချောင်းမြို့နယ်သို့ သွားရောက် အလုပ်လုပ်ကိုင်နေသူ တစ်ဦးက ပြောပါသည်။

စနစ်မကျသော အမှိုက်စွန့်ပစ်မှု၊ ခေတ်မမီသော အမှိုက်သိမ်းစနစ်များကြောင့် စွန့်ပစ်ပစ္စည်းများမှ ထုတ်လွှတ်သော ဓာတ်ငွေ့များသည် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေပြီး၊ မြို့နေလူထုများတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွား စေနိုင်ကြောင်း ကျန်းမာရေးဆိုင်ရာ ပညာရှင်များနှင့် ဆရာဝန်များက ဆိုပါသည်။

လေထုညစ်ညမ်းမှုတွင် မီးခိုးထွက်သော ညစ်ညမ်းမှုနှင့် မီးခိုး မထွက်သော ညစ်ညမ်းမှု ဟူ၍ နှစ်မျိုးရှိကြောင်း သိရသည်။ မီးခိုးထွက်သော ညစ်ညမ်းမှုမှာ ပတ်ဝန်းကျင်ကို အဓိက ထိခိုက်စေပြီး၊ မီးခိုးမထွက်သော ညစ်ညမ်းမှုမှာ အနံ့ဆိုးများကို ဖြစ်ပေါ်စေပြီး လူ၏ကျန်းမာရေးကို အဓိက ထိခိုက်စေကြောင်း သိရသည်။

”လေထုညစ်ညမ်းမှုမှာ ပြည်သူလူထု ကျန်းမာရေးကို ထိခိုက်မှုနဲ့ လူမှုဖူလုံရေးကို ထိခိုက်စေပါတယ်။ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေတဲ့ အနံ့နဲ့ အငွေ့တွေထုတ်တဲ့ စက်ရုံတွေနဲ့ အမှိုက်ပုံတွေ အနီးမှာနေတဲ့သူတွေမှာ
ဖြစ်ပွားနိုင်ပါတယ်။ အထူးသဖြင့်တော့ ငါးနှစ်အောက် ကလေးတွေနဲ့ အသက် ၆၀ နှစ်အထက် လူကြီးတွေမှာ ပိုမိုဖြစ်တတ်ပါတယ်”ဟု ရန်ကုန်ဆေးတက္ကသိုလ်(၁) ကာကွယ်ရေးနှင့် လူမှုရေး ဆေးပညာဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

လေထုညစ်ညမ်းမှုကို ဖြစ်စေသည့် အနံ့နှင့်အငွေ့များကို ရှူရှိုက်မိပါက နမိုးနီးယားရောဂါကို ပိုမို ပြင်းထန်ခြင်း၊ နာတာရှည် လေပြွန်ပိတ်ဆို့မှု၊ ပန်းနာရင်ကြပ် ဝေဒနာများ၊ နှလုံးသွေးကြောနှင့် သက်ဆိုင်သော ရောဂါများ၊
လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားစေနိုင်ကြောင်း သိရသည်။ ထို့အပြင် ထိုအငွေ့၊ အနံ့များကို ကြာရှည်စွာ ရှူရှိုက်ရသူများသည် အဆုတ်ကင်ဆာနှင့် အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ကင်ဆာများ ဖြစ်ပွားတတ်ကြောင်းလည်း သိရသည်။

”တကယ် သုံးသင့်သုံးထိုက်တဲ့ အထဲမှာနိုင်ငံတကာ အဆင့်မီတဲ့ အမှိုက်သိမ်းကားတွေ ၀ယ်ယူမှုလည်း ပါပါတယ်။ ရန်ကုန်မြို့ရဲ့ လူဦးရေ အချိုးအစားနဲ့တွက်ရင် ခေတ်မီတဲ့ အမှိုက်သိမ်းကားတွေ တော်တော် နည်းနေပါသေးတယ်။ လက်ရှိ အနေအထားအရ ခေတ်မီ အမှိုက်သိမ်းကားတွေ ရာထောင်ချီ လိုပါလိမ့်မယ်။ ဒါပေမယ့် အခု မြင်နေတွေ့နေရတာက ခေတ်မမီတော့တဲ့ ကားတွေများပါတယ်။ တချို့ကားတွေဆိုရင် အမြင်မသင့်တော်တဲ့ ကားတွေ အများကြီး တွေ့နေရပါတယ်။ ပြည်သူတွေဆီက ရတဲ့ငွေကို စနစ်တကျ ပြန်အသုံးချတဲ့ နေရာမှာ ခေတ်မီ စက်ပစ္စည်း ကိရိယာတွေ ၀ယ်ယူ အသုံးပြုသင့်ပါတယ်။ အမှိုက်သိမ်းတဲ့ စနစ်ကို စနစ်တကျ မလုပ်ရင် ပြည်သူလူထုရဲ့ အခြေခံ ကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်” ဟု Weekly Eleven News Journal မှ သတင်းထောက်တစ်ဦးက ပြောပါသည်။

b33805
စင်ကာပူနိုင်ငံတွင် အမှိုက်များ လိုက်လံ သိမ်းဆည်းနေစဉ်

b33804
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အမှိုက်များ လိုက်လံ သိမ်းဆည်းနေစဉ်

ကမ္ဘာ့နိုင်ငံအချို့တွင် ကျင့်သုံးလျက်ရှိသော အမှိုက်သိမ်းစနစ်များ

အမှိုက်စွန့်ပစ်မှုနှင့် အမှိုက်သိမ်းစနစ်ဟု ဆိုရာတွင် မြို့ပြများမှ နေ့စဉ် ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများအား လိုက်လံသိမ်းဆည်းခြင်း၊ သယ်ဆောင်ခြင်း၊ အမျိုးအစား ခွဲခြားခြင်း၊ ဖျက်ဆီးခြင်း(သို့မဟုတ်) ပြန်လည်အသုံးပြုရန် သန့်စင်ခြင်းနှင့် စွန့်ပစ်ပစ္စည်းများ ထွက်ရှိရာ နေရာများအား စိစစ်သတ်မှတ်ခြင်း စသည်တို့ ပါဝင်သည်။ အဆိုပါ လုပ်ငန်းစဉ် အဆင့်များတွင် သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှု မရှိစေရန်နှင့် အများပြည်သူ၏ ကျန်းမာရေးအား ဆိုးကျိုး မသက်ရောက်စေရန် အရေးကြီးလှသည်။ စွန့်ပစ်အမှိုက်ဟု ဆိုရာတွင် အစိုင်အခဲ၊ အရည်၊ အငွေ့ စသည့် အခြေအနေသုံးမျိုးဖြင့် ပါဝင်နိုင်ပြီး ရေဒီယိုသတ္တိကြွ ပစ္စည်းကဲ့သို့သော သဘာဝပတ်ဝန်းကျင်အား ဆိုးရွားစွာ ထိခိုက်စေနိုင်သော အရာဝတ္ထုများ ပါဝင်သည်။ ထို့ကြောင့် ဤလုပ်ငန်းစဉ် အဆင့်ဆင့်အား ကျွမ်းကျင်သူများဖြင့် ကြီးကြပ်ရန် လိုအပ်မည် ဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အမှိုက်သိမ်းဆည်းမှု နည်းစနစ်များမှာ ကွာခြားမှု ရှိနိုင်သော်လည်း အဆိုပါ လုပ်ငန်းစဉ် အားလုံးကို အစိုးရက တာဝန်ယူ ဖြေရှင်းပေးရမည် ဖြစ်သလို ဖြစ်ပေါ်လာသော ထိခိုက်မှုများ အတွက်လည်း မြို့ပြဆိုင်ရာ အာဏာပိုင်များတွင် တာဝန်အရှိဆုံး ဖြစ်သည်ဟု လေ့လာသူများက ဆိုကြပါသည်။

နေရာဒေသနှင့် ရာသီဥတု အနေအထားများကြောင့် အမှိုက်သိမ်းသည့် နည်းစနစ် ကွဲပြား ခြားနားကြသော်လည်း နိုင်ငံအသီးသီးတွင် အမှိုက်သိမ်းခြင်း လုပ်ငန်းအား အစိုးရကသာ တာဝန်ယူ ဆောင်ရွက်လေ့ ရှိကြသည်။ အချို့ နေရာများတွင် စက်မှုလုပ်ငန်းနှင့် သက်ဆိုင်သော ဘေးထွက်ပစ္စည်းများအား ပုဂ္ဂလိက ကုမ္ပဏီများက ထိန်းသိမ်းစွန့်ပစ်လေ့ ရှိကြသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူ အမှိုက်နှင့်ပတ်သက်၍ အစိုးရကသာ အလုံးစုံတာဝန်ယူ ဖြေရှင်းကြသည်။

ၾသစေၾတးလ်
မြူနီစပယ်အဖွဲ့က အမှိုက်သိမ်းခြင်း လုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်ပြီး အထွေထွေအမှိုက်၊ ဥယျာဉ်ခြံထွက် အမှိုက်နှင့် ပြန်လည် အသုံးပြုနိုင်သော အမှိုက် ဟူ၍ သုံးမျိုးခွဲခြားပြီး အမှိုက်ပုံးများ ထားရှိပေးထားသည်။ အဆိုပါ အမှိုက်များအပြင် လိုအပ်ပါက သီးခြား နည်းစနစ်များဖြင့် လာရောက် သိမ်းဆည်းပေးလေ့ ရှိသည်။

ဥရောပ
ဥရောပတိုက်နှင့် ကမ္ဘာ့ဒေသ အချို့တွင် Enva ဟုခေါ်သော နည်းစနစ်ဖြင့် စွန့်ပစ်အမှိုက်များအား သိမ်းဆည်းလေ့ရှိပြီး မြေအောက်တွင် သိမ်းဆည်းသော နည်းစနစ်ဖြင့် ဖျက်ဆီးလေ့ရှိသည်။

အစ္စရေး
ပုဂ္ဂလိက ကုမ္ပဏီတစ်ခု ဖြစ်သော Arrow Ecology ကုမ္ပဏီမှ အမှိုက်သိမ်းခြင်း လုပ်ငန်းအား ဆောင်ရွက်လျက် ရှိသည်။ ကုမ္ပဏီအနေဖြင့် အမှိုက်များကို အိမ်တိုင်ရာရောက် တိုက်ရိုက် သိမ်းဆည်းပြီး အော်ဂဲနစ်နှင့် အော်ဂဲနစ် မဟုတ်သော အမှိုက်ဟူ၍ နှစ်မျိုးခွဲခြားကာ ဖျက်ဆီးလေ့ ရှိသည်။ အဆိုပါ နည်းစနစ်အား ဂရိ၊ မက္ကဆီကို၊ အင်္ဂလန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုရှိ ကာလီဖိုးနီးယား ပြည်နယ်တို့တွင် အသုံးပြုလျက်ရှိသည်။

တရုတ်(တိုင်ပေ)
အစိုးရက စွန့်ပစ်သော အမှိုက်ပမာဏအလိုက် အခွန်အခ ကောက်ခံကာ သိမ်းဆည်းလေ့ ရှိသည်။ အဆိုပါ နည်းစနစ်ကြောင့် မြို့တော်တွင်း အမှိုက်စွန့်ပစ်မှု ပမာဏ လျော့ချရာတွင် အောင်မြင်မှု ရရှိခဲ့သည်။

စင်ကာပူ
ယခင်က ရန်ကုန်မြူနီစပယ် အက်ဥပဒေကို လေ့လာပြီး မြို့တော် တည်ဆောက်ခဲ့သော စင်ကာပူမှာ ကမ္ဘာပေါ်တွင် အသန့်ရှင်းဆုံး တိုင်းပြည်အဖြစ် နာမည် ကျော်ကြားလျက် ရှိသည်။ စင်ကာပူ နိုင်ငံတွင် အမှိုက်သိမ်းသည့်
လုပ်ငန်းအား အစိုးရမှ သဘာဝပတ်ဝန်းကျင်နှင့် ရေအရင်းအမြစ် ၀န်ကြီးဌာနနှင့် အမျိုးသား သဘာဝပတ်ဝန်းကျင် အေဂျင်စီ တို့က ကြီးကြပ်လုပ်ကိုင်လျက် ရှိသည်။

အဆိုပါ ဌာနနှစ်ခုက အမှိုက်များကို သိမ်းဆည်းခြင်း၊ အမျိုးအစား ခွဲခြားပြီး ပြန်လည် သန့်စင်ခြင်းနှင့် ပြန်လည် အသုံးပြုနိုင်ရန် စီစဉ်ခြင်း၊ ဖျက်ဆီးခြင်း၊ အန္တရာယ်ရှိစေသော အရာဝတ္ထုများနှင့် အဆိပ်အတောက် ဖြစ်စေနိုင်သော ဓာတ်သတ္တုများအား စနစ်တကျ ထိန်းသိမ်းခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများအား သန့်ရှင်းခြင်းတို့အား အဓိက လုပ်ဆောင်လျက် ရှိသည်။ နေ့စဉ် သိမ်းဆည်း ရရှိလာသော အမှိုက်များ၏ ၉၀ ရာခိုင်နှုန်းအား ဖျက်ဆီးသည့် စက်ရုံလေးရုံ၌ ဖျက်ဆီးပေးလျက်ရှိပြီး ကျန်မဖျက်ဆီးနိုင်သော အမှိုက် ၁၀ ရာခိုင်နှုန်းကို Semakau ကျွန်းတွင် မြေမြုပ်ဖျက်ဆီးလျက် ရှိသည်။

စင်ကာပူအနေဖြင့် အမှိုက်များကို မြေမြုပ်စွန့်ပစ်နေသော Semakau ကျွန်း၏ အမှိုက် လက်ခံနိုင်မှုကို တွက်ချက်ပြီး National Recycling Programme အနေဖြင့် ၂၀၀၁ ခုနှစ် စတင်ကာ နေ့စဉ် ထွက်ရှိလာသော အမှိုက်များကို အမျိုးအစား ခွဲခြားပြီး တစ်ဆင့် ပြန်လည် အသုံးပြုနိုင်သော ပစ္စည်းများအဖြစ် ပြန်လည် ထုတ်လုပ်ရန် စီစဉ်ထားပြီး ဖြစ်သည်။ သစ်အခြေခံ အမှိုက်များကို ပရိဘောဂ ထုတ်လုပ်နိုင်သည့် အနေအထားထိ ရောက်အောင် ပြန်လည် သန့်စင်နေသလို ပလတ်စတစ် အမှိုက်များကိုလည်း ကော်စေ့အဖြစ် ထုတ်လုပ်နေပြီး ဆောက်လုပ်ရေး လုပ်ငန်းများမှ ထွက်ပေါ်လာသော အမှိုက်များကိုလည်း အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်သည့် ပစ္စည်းများအဖြစ် ထုတ်လုပ်ရန် စီစဉ်လျက် ရှိသည်။


Eleven Midea Groupမှပြန်လည်ကူးယူပါသည်။

Saturday, December 18, 2010

ကျွန်တော့် ဓာတ်တိုင်


‘‘မင်းထိုက်….နင် ဖြူလေးနဲ့ တွေ့ပြီးပြီလား ’’

‘‘ဟင်…ဘာဖြစ်လို့လဲ..မတွေ့ရသေးဘူး။ ကျွန်တော်လဲ ဒီနေ့မှ နယ်ကရောက်တာ။ ကျောင်းတောင်မအပ်ရသေးဘူး ’’

‘‘ဖြူလေးကို သူ့အိမ်က ယောက်ျားပေးစားတော့မယ်တဲ့ ’’

‘‘ ဗျာ…’’

ခေါင်းထဲကို မိုးကြိုးအစင်းစင်းပစ်ချလိုက်သလို ခေါင်းနပမ်းကြီးသွားရ၏။ ကြားလိုက်ရသည့် စကားတွေက နားထဲကိုကန့်လန့်ဝင်လာသည်။ ဘယ်လိုဖြစ်ရတာလဲ ..ကျွန်တော်နဲ့ဖြူလေး ဒီလောက်ချစ်သည့်ဟာကို။ ချစ်သူသက်တမ်းပင် (၃) နှစ်ထဲသို့ဝင်ရောက်ခဲ့ပြီ။ စကားကတောက်ကဆပင် မများခဲ့ဘူးသည့် ကျွန်တော်တို့ နှစ်ယောက်ကို ဘယ်လိုအကြောင်းတွေက ကွာဝေးစေဖို့ဖန်တီးစေတာလဲ။ အုံ့အုံ့ဆိုင်းဆိုင်းနှင့် လှပနေသော လောကဓာတ်ကြီးတစ်ခုလုံးပင် မှိုင်းဝေလို့သွားသည်။

@@@@@@@@@@@@@@@@@@@@@@@@@

‘‘ ဟုတ်တယ်…ကိုထိုက် ’’ ‘‘ ဖြူလေးရဲ့ အိမ်ကလူကြီးတွေက သူတို့သဘောတူတဲ့ သူနဲ့ပေးစားဖို့ စီစဉ်နေကြပြီ။ ဖြူလေး..ကိုထိုက် ကိုတော့ အရမ်းချစ်ပါတယ်။ ဒါပေမယ့်………’’

မကြားပါရစေနဲ့……ရှေ့ဆက်ပြောမယ့် စကားလုံးတွေကို မကြားပါရစေနဲ့။ ဒီစကားလုံးတွေဟာ ကျွန်တော့ရင်ကိုခွင်းမယ့် မြှားအစင်းစင်းတွေ။ သူ့နှုတ်ခမ်းဖျားကထွက်ကျလာတဲ့ စကားလုံးတိုင်းဟာ ကျွန်တော့် ပင်လယ်ပြင်ကို လှိုင်းထန်နေစေပြီ။ ဘယ်လိုအင်အားနဲ့ ဒီစကားတွေကိုနားထောင်ရမှာလဲ။

‘‘ ဒါပေမယ့်…လူကြီးတွေကိုလဲ စိတ်ချမ်းသာစေချင်တယ်။ ပြီးတော့ ဖြူလေးက လူကြီးတွေရဲ့ စကားကို တစ်ခါမှ မလွန်ဆန်ခဲ့ဘူးတော့ ..ခေါင်းငြိမ့်လိုက်ရတယ်။ ’’

ဒါဟာ မဟာအနုကြမ်းစီမှုကြီး တစ်ခုပဲ။ အင်မတန် စိတ်သဘောပျော့ပြောင်းတဲ့ ဖြူလေးရဲ့ စိတ်ဓာတ်ကို သူတို့ခုတုန်းလုပ်ပြီး အသုံးချတာ။ စိတ်ဓာတ်အနုကြမ်းအစီးခံရတာ…..တောက်…ဒါမျိုးတွေ မဖြစ်သင့်ဘူး။

‘‘ အဲဒီတော့ ..ကိုထိုက်။ ဖြူလေးတို့ သူငယ်ချင်းတွေလိုပဲ ဆက်နေရအောင်နှော်..’’

အေးလေ…ငါလို စာရူးပေရူးတစ်ယောက်ရဲ့ ဘဝထဲမှာ ခက်ခက်ခဲခဲနဲ့ ဘဝကိုဖြတ်သန်းရတာထက်စာရင် အိမ်ကပေးစားတဲ့သူနဲ့ ဆိုရင် ဖြူလေးဘဝ သာယာမှာပါ။ သူ့ဘဝသာယာဖို့အတွက်ပဲလေ…..ငါအနစ်နာခံရမှာပေါ့။ အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းတစ်ခုတည်းမှ မဟုတ်တာ။

‘‘အေးလေ….ဒါဆိုလဲ ကိုထိုက်နဲ့ ဖြူလေးတို့ သူငယ်ချင်းတွေလိုပဲဆက်နေကြတာပေါ့။ ဒါပေမယ့် ဖြူလေးရဲ့ ဘဝမှာအခက်အခဲကြုံလာတိုင်း ကိုထိုက်ကို အကြောင်းကြားပါ။ ကိုထိုက် တတ်နိုင်တဲ့နေရာကနေ ကူညီပေးပါ့မယ်။ ’’

‘‘ဟုတ်ကဲ့ပါ…ကိုထိုက် ’’

‘‘ အင်း..ဒါဆို ဖြူလေးလဲ စိတ်ဖြောင့်လက်ဖြောင့် ဆက်လျှောက်နိုင်အောင် ကိုထိုက်နဲ့ဖြူလေးတို့ ရေးထားတဲ့စာတွေ၊ ပေးထားတဲ့ လက်ဆောင်တွေ ပြန်လဲလိုက်ရအောင်။ တော်ကြာ..ဖြူလေးနဲ့ သဘောတူထားတဲ့သူတွေ့သွားရင် ဖြူလေးအတွက်မကောင်းဘူးလေ။ မနက်ဖြန်ညနေ အဆောင်ရှေ့ကို ကိုထိုက်လာခဲ့မယ်။ စောင့်နေနှော်…..’’

‘‘ ဟုတ်ကဲ့…ကိုထိုက်.’’

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

မိုးတွေကလည်း အုံ့မှိုင်းနေလိုက်တာ ပြိုတော့မယ့်အတိုင်းပဲ။ ကောင်းပါတယ်..ချစ်သူနှစ်ဦးရဲ့ လမ်းခွဲမှုဟာ ဘယ်လောက် အေးချမ်းမှု ရှိလိုက်သလဲ။ ပူလောင်သောက ကင်းတော့ နှစ်ဦးနှစ်ဘက်နေရတာ အဆင်ပြေတာပေါ့။ လမ်းမီးတွေတောင် လင်းနေပြီ။ ဒီမီးအလင်းရောင်တွေ အောက်မှာ ဂစ်တာတီးခဲ့တာ ။ ဖြူလေးသူငယ်ချင်းတွေကျွေးတဲ့ လက်ဘက်သုပ်နဲ့ ထမင်းကြမ်းစားခဲ့တာတွေ ပြန်သတိရလာမိတယ်။ ထားလိုက်ပါ..ဒါတွေကပြီးခဲ့ပြီပဲလေ………

‘‘ ဖြူလေး …စောင့်နေရတာကြာသွားလား…’’

‘‘ မကြာသေးပါဘူး ကိုထိုက်.. မိုးဖွဲလေးတွေတောင် ကျနေပြီ ’’

‘‘ကောင်းတာပေါ့…ကိုထိုက်တို့ အချစ်က အေးအေးချမ်းချမ်းနဲ့ အဆုံးသတ်သွားတာပေါ့ ’’

‘‘ ကဲ….ရော့..ဒါဖြူလေးပေးထားတဲ့ လက်ဆောင်တွေ။ စာတွေကိုတော့ ကိုထိုက်တို့ အပူအပင်မရှိဘဲ လွတ်လွတ်လပ်လပ် ခွဲခွာလို့ရအောင် ရှေ့ကရေမြောင်းထဲကိုပဲ မျှောပစ်လိုက်ရအောင် ’’

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ကဲ…ဘယ်လောက်ကဗျာဆန်လိုက် သလဲ။ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် မိုးဖွဲဖွဲလေးတွေကြား မီးအလင်းတိုင်ရဲ့ အောက်က မြောင်းနှုတ်ခမ်းဘေးမှာ ထိုင်ရင်း စက္ကူလှေလေးတွေ မျှောနေကြတာ နာရီဝက်လောက်ကြာတော့ စာတွေကုန်သွားပြီ။ စက္ကူလှေချိုးလိုက်၊ မျှောလိုက်နှင့် ခါးတော်တော်ညောင်းသွားသဖြင့် နောက်ကဓာတ်တိုင်သို့ မှီချလိုက်သည်။

‘‘ကိုထိုက်…..’’

‘‘ မခေါ်ပါနဲ့တော့ဖြူလေးရယ်…ဒီနာမည်ကို။ မင်းထိုက်လို့ပဲ ခေါ်ပါတော့ ’’

‘‘ မဟုတ်ဘူး..ကိုထိုက် ’’

‘‘ ဟုတ်ပါတယ် ဖြူလေး..တော်ကြာ ဖြူလေးနဲ့ သဘောတူထားတဲ့သူ ကြားသွား….အား..’’

မျက်လုံးများ ပြာဝေသွားသည်။ ကြက်သီးဖျန်းကနဲထ၍ ဆံပင်တွေထိုးထောင်သွားသလို ခံစားလိုက်ရသည်။ နတ်ပူးသလိုတုန်တက်လာပြီး ကျင်သွားသည်။ ဆတ်ခနဲ ကိုယ်ကို ဆန့်၍ မတ်တပ်ရပ်လိုက်မှ သက်သာသွားသည်။ ဘေးဘီကို ကြည့်လိုက်တော့ စိုးရိမ်စိတ်နှင့် ကြည့်နေသော ဖြူလေး၏ မျက်နှာကို တွေ့နေရသည်။

‘‘ ဘာ…ဘာဖြစ်သွားသေးလဲ ကိုထိုက်။ ကိုထိုက်က စကားကိုလာပြီး ဖြတ်ဖြတ်ပြောနေတာကိုး။ အစထဲက ပြောမလို့ မိုးရွာရင် ဒီဓာတ်တိုင်က ဓာတ်လိုက်တယ် ကိုထိုက်ရဲ့ ……’’

ပြီးပါပြီ။

ရွှေသွေး



‘‘မင်းထိုက်….နင် ဖြူလေးနဲ့ တွေ့ပြီးပြီလား ’’

‘‘ဟင်…ဘာဖြစ်လို့လဲ..မတွေ့ရသေးဘူး။ ကျွန်တော်လဲ ဒီနေ့မှ နယ်ကရောက်တာ။ ကျောင်းတောင်မအပ်ရသေးဘူး ’’

‘‘ဖြူလေးကို သူ့အိမ်က ယောက်ျားပေးစားတော့မယ်တဲ့ ’’

‘‘ ဗျာ…’’

ခေါင်းထဲကို မိုးကြိုးအစင်းစင်းပစ်ချလိုက်သလို ခေါင်းနပမ်းကြီးသွားရ၏။ ကြားလိုက်ရသည့် စကားတွေက နားထဲကိုကန့်လန့်ဝင်လာသည်။ ဘယ်လိုဖြစ်ရတာလဲ ..ကျွန်တော်နဲ့ဖြူလေး ဒီလောက်ချစ်သည့်ဟာကို။ ချစ်သူသက်တမ်းပင် (၃) နှစ်ထဲသို့ဝင်ရောက်ခဲ့ပြီ။ စကားကတောက်ကဆပင် မများခဲ့ဘူးသည့် ကျွန်တော်တို့ နှစ်ယောက်ကို ဘယ်လိုအကြောင်းတွေက ကွာဝေးစေဖို့ဖန်တီးစေတာလဲ။ အုံ့အုံ့ဆိုင်းဆိုင်းနှင့် လှပနေသော လောကဓာတ်ကြီးတစ်ခုလုံးပင် မှိုင်းဝေလို့သွားသည်။

@@@@@@@@@@@@@@@@@@@@@@@@@

‘‘ ဟုတ်တယ်…ကိုထိုက် ’’ ‘‘ ဖြူလေးရဲ့ အိမ်ကလူကြီးတွေက သူတို့သဘောတူတဲ့ သူနဲ့ပေးစားဖို့ စီစဉ်နေကြပြီ။ ဖြူလေး..ကိုထိုက် ကိုတော့ အရမ်းချစ်ပါတယ်။ ဒါပေမယ့်………’’

မကြားပါရစေနဲ့……ရှေ့ဆက်ပြောမယ့် စကားလုံးတွေကို မကြားပါရစေနဲ့။ ဒီစကားလုံးတွေဟာ ကျွန်တော့ရင်ကိုခွင်းမယ့် မြှားအစင်းစင်းတွေ။ သူ့နှုတ်ခမ်းဖျားကထွက်ကျလာတဲ့ စကားလုံးတိုင်းဟာ ကျွန်တော့် ပင်လယ်ပြင်ကို လှိုင်းထန်နေစေပြီ။ ဘယ်လိုအင်အားနဲ့ ဒီစကားတွေကိုနားထောင်ရမှာလဲ။

‘‘ ဒါပေမယ့်…လူကြီးတွေကိုလဲ စိတ်ချမ်းသာစေချင်တယ်။ ပြီးတော့ ဖြူလေးက လူကြီးတွေရဲ့ စကားကို တစ်ခါမှ မလွန်ဆန်ခဲ့ဘူးတော့ ..ခေါင်းငြိမ့်လိုက်ရတယ်။ ’’

ဒါဟာ မဟာအနုကြမ်းစီမှုကြီး တစ်ခုပဲ။ အင်မတန် စိတ်သဘောပျော့ပြောင်းတဲ့ ဖြူလေးရဲ့ စိတ်ဓာတ်ကို သူတို့ခုတုန်းလုပ်ပြီး အသုံးချတာ။ စိတ်ဓာတ်အနုကြမ်းအစီးခံရတာ…..တောက်…ဒါမျိုးတွေ မဖြစ်သင့်ဘူး။

‘‘ အဲဒီတော့ ..ကိုထိုက်။ ဖြူလေးတို့ သူငယ်ချင်းတွေလိုပဲ ဆက်နေရအောင်နှော်..’’

အေးလေ…ငါလို စာရူးပေရူးတစ်ယောက်ရဲ့ ဘဝထဲမှာ ခက်ခက်ခဲခဲနဲ့ ဘဝကိုဖြတ်သန်းရတာထက်စာရင် အိမ်ကပေးစားတဲ့သူနဲ့ ဆိုရင် ဖြူလေးဘဝ သာယာမှာပါ။ သူ့ဘဝသာယာဖို့အတွက်ပဲလေ…..ငါအနစ်နာခံရမှာပေါ့။ အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းတစ်ခုတည်းမှ မဟုတ်တာ။

‘‘အေးလေ….ဒါဆိုလဲ ကိုထိုက်နဲ့ ဖြူလေးတို့ သူငယ်ချင်းတွေလိုပဲဆက်နေကြတာပေါ့။ ဒါပေမယ့် ဖြူလေးရဲ့ ဘဝမှာအခက်အခဲကြုံလာတိုင်း ကိုထိုက်ကို အကြောင်းကြားပါ။ ကိုထိုက် တတ်နိုင်တဲ့နေရာကနေ ကူညီပေးပါ့မယ်။ ’’

‘‘ဟုတ်ကဲ့ပါ…ကိုထိုက် ’’

‘‘ အင်း..ဒါဆို ဖြူလေးလဲ စိတ်ဖြောင့်လက်ဖြောင့် ဆက်လျှောက်နိုင်အောင် ကိုထိုက်နဲ့ဖြူလေးတို့ ရေးထားတဲ့စာတွေ၊ ပေးထားတဲ့ လက်ဆောင်တွေ ပြန်လဲလိုက်ရအောင်။ တော်ကြာ..ဖြူလေးနဲ့ သဘောတူထားတဲ့သူတွေ့သွားရင် ဖြူလေးအတွက်မကောင်းဘူးလေ။ မနက်ဖြန်ညနေ အဆောင်ရှေ့ကို ကိုထိုက်လာခဲ့မယ်။ စောင့်နေနှော်…..’’

‘‘ ဟုတ်ကဲ့…ကိုထိုက်.’’

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

မိုးတွေကလည်း အုံ့မှိုင်းနေလိုက်တာ ပြိုတော့မယ့်အတိုင်းပဲ။ ကောင်းပါတယ်..ချစ်သူနှစ်ဦးရဲ့ လမ်းခွဲမှုဟာ ဘယ်လောက် အေးချမ်းမှု ရှိလိုက်သလဲ။ ပူလောင်သောက ကင်းတော့ နှစ်ဦးနှစ်ဘက်နေရတာ အဆင်ပြေတာပေါ့။ လမ်းမီးတွေတောင် လင်းနေပြီ။ ဒီမီးအလင်းရောင်တွေ အောက်မှာ ဂစ်တာတီးခဲ့တာ ။ ဖြူလေးသူငယ်ချင်းတွေကျွေးတဲ့ လက်ဘက်သုပ်နဲ့ ထမင်းကြမ်းစားခဲ့တာတွေ ပြန်သတိရလာမိတယ်။ ထားလိုက်ပါ..ဒါတွေကပြီးခဲ့ပြီပဲလေ………

‘‘ ဖြူလေး …စောင့်နေရတာကြာသွားလား…’’

‘‘ မကြာသေးပါဘူး ကိုထိုက်.. မိုးဖွဲလေးတွေတောင် ကျနေပြီ ’’

‘‘ကောင်းတာပေါ့…ကိုထိုက်တို့ အချစ်က အေးအေးချမ်းချမ်းနဲ့ အဆုံးသတ်သွားတာပေါ့ ’’

‘‘ ကဲ….ရော့..ဒါဖြူလေးပေးထားတဲ့ လက်ဆောင်တွေ။ စာတွေကိုတော့ ကိုထိုက်တို့ အပူအပင်မရှိဘဲ လွတ်လွတ်လပ်လပ် ခွဲခွာလို့ရအောင် ရှေ့ကရေမြောင်းထဲကိုပဲ မျှောပစ်လိုက်ရအောင် ’’

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ကဲ…ဘယ်လောက်ကဗျာဆန်လိုက် သလဲ။ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် မိုးဖွဲဖွဲလေးတွေကြား မီးအလင်းတိုင်ရဲ့ အောက်က မြောင်းနှုတ်ခမ်းဘေးမှာ ထိုင်ရင်း စက္ကူလှေလေးတွေ မျှောနေကြတာ နာရီဝက်လောက်ကြာတော့ စာတွေကုန်သွားပြီ။ စက္ကူလှေချိုးလိုက်၊ မျှောလိုက်နှင့် ခါးတော်တော်ညောင်းသွားသဖြင့် နောက်ကဓာတ်တိုင်သို့ မှီချလိုက်သည်။

‘‘ကိုထိုက်…..’’

‘‘ မခေါ်ပါနဲ့တော့ဖြူလေးရယ်…ဒီနာမည်ကို။ မင်းထိုက်လို့ပဲ ခေါ်ပါတော့ ’’

‘‘ မဟုတ်ဘူး..ကိုထိုက် ’’

‘‘ ဟုတ်ပါတယ် ဖြူလေး..တော်ကြာ ဖြူလေးနဲ့ သဘောတူထားတဲ့သူ ကြားသွား….အား..’’

မျက်လုံးများ ပြာဝေသွားသည်။ ကြက်သီးဖျန်းကနဲထ၍ ဆံပင်တွေထိုးထောင်သွားသလို ခံစားလိုက်ရသည်။ နတ်ပူးသလိုတုန်တက်လာပြီး ကျင်သွားသည်။ ဆတ်ခနဲ ကိုယ်ကို ဆန့်၍ မတ်တပ်ရပ်လိုက်မှ သက်သာသွားသည်။ ဘေးဘီကို ကြည့်လိုက်တော့ စိုးရိမ်စိတ်နှင့် ကြည့်နေသော ဖြူလေး၏ မျက်နှာကို တွေ့နေရသည်။

‘‘ ဘာ…ဘာဖြစ်သွားသေးလဲ ကိုထိုက်။ ကိုထိုက်က စကားကိုလာပြီး ဖြတ်ဖြတ်ပြောနေတာကိုး။ အစထဲက ပြောမလို့ မိုးရွာရင် ဒီဓာတ်တိုင်က ဓာတ်လိုက်တယ် ကိုထိုက်ရဲ့ ……’’

ပြီးပါပြီ။

ရွှေသွေး

Saturday, November 6, 2010

ဆုံမှတ်

အမေ...
နေကောင်းပါရဲ့လား အမေ...
ခြံနံပတ် ၅၄ ကို
အမေ့လက်နဲ့ ကိုယ်တိုင်ဖွင့်မယ့်တနေ့ကို
တက္ကသိုလ်ရိပ်သာက သစ္စာတော်မပျက်
စောင့်နေဆဲပါ အမေ...
ရှိပါတယ်အမေ...
ကျွန်တော့်သူငယ်ချင်းတွေလည်း ရှိပါသေးတယ်...
သူတို့လည်း နေကောင်းကြပါရဲ့
တချို့ကတော့
နိုင်ငံသားပြောင်းလဲခံယူရင်း
မြန်မာပြည်ကို ချစ်နေကြတုန်းပဲ အမေ
ဇာတိမြေကို အလည်အပတ်ပြန်တိုင်း
“အရင်အတိုင်းပဲနော်” လို့
ဝတ်ကျေတန်းကျေနှုတ်ဆက်
ဈေးဝယ်မပျက်ကြပါဘူး
တချို့ကတော့
ဒုက္ခသည်ယောင်ဆောင်ရင်း
(သူတို့အရေးအတွက်) ဒို့အရေး ဒို့အရေးနဲ့
နယူးယောက်ကနေ
အမေ့ လွတ်မြောက်ရေး ကြိုးပမ်းနေကြပါသတဲ့။
အမေ့ပါတီလည်း ရှိပါသေးတယ် အမေ...
တချို့က မဲဆွယ်တုန်းမှာ တချို့က မဲမပေးဖို့ပြော
ပါတီဖျက်သိမ်းခိုင်းကာမှ မွေးနေ့ပွဲလုပ်နဲ့
ကြေညာချက်မထုတ်တော့တာကလွဲရင်
အရင်လို ခမ်းခမ်းနားနားပါပဲ အမေ...
ရန်ကုန်ကတော့ ခြူချာရှာတယ်အမေ...
ဦးနှောက်ယိုစီးမှုကို ကုစားတုန်း အေအိုင်ဒီအက်စ်ဖြစ်
မီးစက်မောင်းသံတွေကြားက “စခန်းခဏလိုက်ခဲ့ပါ” ခေါ်လိုခေါ်
ဆယ်တန်းသမားတွေက အနှိပ်ခန်းမှာစာကျက်
တချို့က ထမင်းမချက်နိုင်တော့
ထမင်းရည်ဝယ်သောက်ကြရတယ် အမေ
ဘာပဲပြောပြော အမေ
ရန်ကုန်မှာ ကျော်သူနဲ့ ထောင်မှူး
သူတို့နှစ်ဦးလောက်တော့
ဘယ်သူမှ အလုပ်မများဘူးလေ
အမေ
အမေမရှိတုန်း ကျွန်တော်တို့ နာဂစ်ကို သိသွားတယ်
ရွှေဝါရောင်၊ အီလက်ထရောနစ်ဥပဒေ၊ နယ်ခြားစောင့်တပ်၊
ရွေးကောက်ပွဲ၊ နေပြည်တော် - ဒါတွေနဲ့လည်း ရင်းနှီးသွားတယ်
အပြောင်းအလဲတွေကတော့
အများကြီးပေါ့အမေရယ်
ရန်ကုန်မှာ မွေးခဲ့တဲ့လူတွေက
နိုင်ငံခြားသားလုပ်ပြီး ပြန်လာ
ဇာတိကို ရွံရှာသလိုလိုနဲ့ပြန်ကြည့်
မချိပေမယ့် မပြောသာပါဘူး အမေ
ကျွန်တော်တို့က နိမ့်ပါးချိန်ကို။
အမေ
ကျွန်တော်တို့ တိုက်ပွဲမှာ
ခဏခဏကျဆုံးပေးနေရတာက
ပြက္ခဒိန်စာရွက်တွေပါ အမေ
ဟောတစ်ရွက် ဟောတစ်ရွက်နဲ့
ဆုတ်ဖြဲပစ်နေလိုက်ကြတာ ...
အဲဒါ ရက်ရာဇာတွေချည်းပဲဆိုတာ
ကျွန်တော်တို့ အသိနောက်ကျခဲ့ပါတယ် အမေ
အမေ
ပြောကြည့်ပါရစေ
ကျွန်တော်မျှော်လင့်နေတာကလေ
ဒီမိုကရေစီလည်း ဟုတ်ချင်မှဟုတ်မယ်
ငြိမ်းချမ်းရေးလည်း ပါချင်မှပါမယ်
အစည်းအဝေးလည်း တက်ချင်မှတက်ရပါလိမ့်မယ် အမေ
ဒါပေမယ့်
နိုင်ငံသားတွေ နိုင်ငံခြားသား ဖြစ်စရာမလိုတော့တဲ့နေ့
ဒုက္ခသည်တွေ ဒုက္ခသယ်စရာမလိုတော့တဲ့နေ့
နှစ်ယောက်ရှိရင် သုံးဖွဲ့မကွဲတော့တဲ့နေ့
ပညာတတ်ရင် ထမင်းမငတ်တဲ့နေ့
အရောင်မတူတာကို ရန်သူလို့ မသတ်မှတ်တဲ့နေ့
အဲဒီနေ့ကိုပါ အမေ
ကျွန်တော်လဲသွားရင် အမေထူပေးပါ
အမေ့အားနဲ့ မနေမနားကြိုစားစမ်းပါ့မယ်
ကျွန်တော်တို့အားလုံး ရန်ကုန်မှာ ပြန်ဆုံကြဖို့လေ။
(ကမ္ဘာစိုးမင်း)
အပြောင်းအလဲ

ပြောင်းလဲကုန်ပါပြီ
ခေတ်နဲ့အညီ အမှီသာလိုက်ကြပါ....
ရွာသားတွေ ကျွန်းပေါ်ရောက်လို့
ဂုဏ်တွေ အသားကုန်မောက်ကုန်ကြပါပြီ။

ရွှေကျင်ချင်တယ်ဆိုရင်
ငှက်ဖျားအဖြစ်ခံစရာ မလိုတော့ဘူးဆိုပဲ..
ညမှောင်မှောင်မှာ မိုးရွာထဲလျှောက်စရာမလိုပဲ
ဖုန်းဆက်ပြီး ဖားရိုက်လို့ရတယ်တဲ့။

ကိုကာကိုလာနဲ့ မျှားလို့ရတဲ့ငါးဟာ
မီးကင် စားလို့မရဘူးတဲ့။
ဗျည်း (၃၃) လုံးထဲက အ တွေ
နိုင်ငံတကာကို ခြေဆံ့နေကြပြီလေ။

ပူလာရင် အရည်မပျော်တော့တဲ့ရေခဲ
လူငယ်တွေ အလွန်ကြိုက်ဆိုပဲ..
မုဆိုးမဟုတ်လဲ ညွတ်ကိုင်းအလွတ်နဲ့တောင်
ဗျိုင်းထောင်လို့ ရနေပြီ။

နာမည်ကြီး Brand ဖြစ်တဲ့ ဂျပန်ဟာ
ဒေါ်လာ (၁၀၀) ပါရင် စိတ်တိုင်းကျရနေပြီ။
ကဲ..မပြောဘူးလား
ပြောင်းလဲကုန်ပါပြီ...လို့။ ။


မင်းရဲခေါင်

ခက်ဆစ်

ရွာသား = မြန်မာပြည်သား
ကျွန်း = စင်ကာပူ
ရွှေကျင် = မြန်မာမိန်းကလေးနှင့် ဖုန်းပြောသည်
ဖားရိုက် = ဖိလစ်ပိုင်မိန်းကလေးနှင့် ဖုန်းပြောသည်
ငါး = ထိုင်းမှိုင်းစေသော ချောင်းဆိုးပျောက်ဆေးရည်
အ = အင်ဒိုနီးရှား
ရေခဲ = မူးယစ်ဆေး တစ်မျိုး
ဗျိုင်း = ဗီယက်နမ် မိန်းကလေး
ဂျပန် = ဂေလမ်း (စင်ကာပူ၏ red light area)

Thursday, October 21, 2010

ဘယ်အလံကို အလေးပြုရမှာလဲပြော


အလံဆိုတာက ဟိန္ဒူ ဘာသာစကားပါ။ မြန်မာမှာတော့ အရင်တုန်းက အလံ လို့သုံးတာ မကြားဖူးဘူး။ တံခွန်၊ ကုက္ကား ဆိုတာတွေပဲရှိတယ်။နောက်ပိုင်းအိန္ဒိယလူမျိုးတွေရောက်လာတော့မှပဲသူတို့စကားတွေလဲ မြန်မာစာထဲ ရောလို့ ၀င်လာတော့ မဆလာ၊ အာလူး၊ ဂေါ်ဖီ၊ ပလာတာ စတာတွေနဲ့အတူ အလံဆိုတာလဲ အသုံးတွင်ကျယ်လာပါတယ်။ အစောဆုံး အလံ အနေနဲ့ ခရစ်သက္ကရာဇ် ၁၅၀၀ လောက်က အသုံးပြုတဲ့အလံ လို့ ယူဆရတဲ့ ဟင်္သာအလံ ကိုတွေ့မိပါတယ်။အစိမ်းရောင်အောက်ခံမှာ အဝါရောင် ဟသာင်္ရုပ်နဲ့အလံဟာ ဟံသာဝတီမင်းတွေလက်ထက်က အသုံးပြုခဲ့တယ်လို့ထင်ရပါတယ်။

ကုန်းဘောင်မင်းဆက်မှာ အသုံးပြုခဲ့တယ်လို့ သေသေချာချာ ပြောနိုင်တဲ့ အလံတစ်ခုကတော့ ဒေါင်းအလံပဲဖြစ်ပါတယ်။ ဒေါင်းအလံကို ပုံစံ အတော်များများနဲ့ အသုံးပြုခဲ့ကြပါတယ်။ အခု ဒေါင်းအလံကတော့ မင်းခမ်းမင်းနားများမှာသုံးတဲ့ အဖြူရောင် ပိုးသားအောက်ခံမှာ အနီရောင် ချည်ထိုးဒေါင်းရုပ်ဖော်ထားတဲ့ အလံပါ။ တံခွန်ပုံစံ ကြက်လျှာ အနားသတ်မဟုတ်ပဲနဲ့ လေးထောင့်ပုံစံ အလံဖြစ်ပါတယ်။

အဲဒီကတည်းက စလို့ အမြီးဖြန့်ပြီးကနေတဲ့ ဒေါင်းဟာ မြန်မာ့အမှတ်တံဆိပ် ဖြစ်လာခဲ့ပါတယ်။ ဒေါင်းဟာ ကုန်းဘောင်မင်းဆက် မြန်မာဘုရင်တွေရဲ့ အမှတ်တံဆိပ် ဖြစ်ခဲ့ပြီး ဒေါင်းတံဆိပ် ဒင်္ဂါး၊ ဒေါင်းအလံ စသည်ဖြင့် ဘုရင်တို့ရဲ့ အမှတ်အသားကိုပြတဲ့နေရာမှာ ဒေါင်းရုပ်ကို အသုံးပြုလာပါတယ်။ အင်္ဂလိပ် ကိုလိုနီအစိုးရ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး နောက်ပိုင်းမှာတောင်မှ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုအလံဟာ ယူနီယံဂျက် အလံနဲ့ ဒေါင်းတံဆိပ် ပေါင်းစပ်ထားတဲ့ အလံ ဖြစ်လာခဲ့ပါတယ်။

ဒီ အပြာရောင်အောက်ခံမှာ ဒေါင်းတံဆိပ်နဲ့ ယူနီယံဂျက် အလံဟာ ဒိုင်အာခီ အုပ်ချုပ်ရေး ပေးတဲ့အချိန်က စလို့ မြန်မာအစိုးရရဲ့ အလံအနေနဲ့ အသုံးပြုခဲ့တာဖြစ်ပါတယ်။ အင်္ဂလိပ်ကို တော်လှန်ခဲ့တဲ့ မြန်မာလွတ်လပ်ရေးတပ်မတော် (BIA) ကလည်း ၃ ရောင်ချယ် ဒေါင်းအလံကိုပဲ အသုံးပြုခဲ့ပြန်ပါတယ်။

ဂျပန်ကို တော်လှန်ခဲ့တဲ့ မြန်မာ့တပ်မတော်ကတော့ အနီအောက်ခံမှာ အဖြူရောင် ကြယ်တစ်ပွင့်ပါတဲ့ တော်လှန်ရေးအလံကို အသုံးပြုလာပါတယ်။

ဂျပန် တော်လှန်ရေးပြီိးလို့ အင်္ဂလိပ် အစိုးရ ပြန်လာတဲ့အချိန်မှာတော့ ယူနီယံဂျက် ဒေါင်းအလံကိုပဲ ဆက်လက် အသုံးပြုခဲ့ပါတယ်။ ဘုရင်ခံအတွက် သီးသန့် အမှတ်တံဆိပ် အနေနဲ့ ယူနီယံဂျက်ရဲ့ အလယ်တည့်တည့်မှာ ဒေါင်းရုပ်ပါတဲ့ အလံတစ်ခု တီထွင် အသုံးပြုခဲ့ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးတဲ့အခါမှာတော့ ပြည်နယ် ၅ ခုနဲ့ ပြည်မ၊ အေးချမ်းသာယာခြင်း၊ ရဲရင့်ပြတ်သားခြင်း ဆိုတဲ့ အဓိပ္ပါယ်တွေကို ဖော်ဆောင်တဲ့ ကြယ်ဖြူ ၆ ပွင့်နဲ့ ပြည်ထောင်စုအလံတော်ဟာ မြန်မာနိုင်ငံရဲ့ တရားဝင် အမှတ်အသား ဖြစ်လာခဲ့ပါတယ်။

သမ္မတရဲ့ အမှတ်တံဆိပ် အနေနဲ့ကျတော့ လိမ္မော်ရောင် အောက်ခံမှာ ဒေါင်းတံဆိပ်ပါတဲ့ အလံကို အသုံးပြုတယ်လို့ တွေ့ရပါတယ်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အာဏာရလာတဲ့ နောက်ပိုင်းမှာ တိုင်းနဲ့ပြည်နယ် ၁၄ ခု၊ အလုပ်သမား၊ လယ်သမား အင်အားစု၊ အေးချမ်းသာယာခြင်း၊ ရဲရင့်ပြတ်သားခြင်းဆိုတဲ့ အဓိပ္ပါယ်တွေနဲ့ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်ရဲ့ အလံဟာ အနီအောက်ခံနဲ့၊ ဘယ်ဖက် အပေါ်ထောင့်မှာ အပြာရောင်အောက်ခံ၊ စက်သွား၊ စပါးနှံနဲ့ အရွယ်အစားညီ ကြယ်ဖြူ ၁၄လုံးပုံစံ အဖြစ် ပြောင်းလဲ ထွက်ပေါ်လာခဲ့ပါတယ်။
အခုတော့ မြန်မာနိုင်ငံရဲ့ အလံအသစ်ဖြစ်တဲ့ သုံးရောင်ခြယ်ကြယ်အုပ်ထားတဲ့ အလံကို စတင်လွင့်တင်လိုက်ပါတယ်။
ကွန်မြူနစ်အကျဉ်းသားကြီး တစ်ယောက်ကတော့ သူထောင်ထဲမှာနေတုန်းက ဆိုရှယ်လစ်အလံဟာ သူနဲ့ အယူအဆတူတဲ့ အလံမဟုတ်တဲ့အတွက် အလေးမပြုနိုင်ဘူးလို့ပြောခဲ့ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့က ဘယ်အလံကိုအလေးပြုရမှာလဲ။ ပြောကြပါဦး……….။
ရွှေသွေး

Monday, October 11, 2010

မြန်မာပြည်သားများနှင့် စင်ကာပူ




ပြီးခဲ့တဲ့ Oct 5 ရက်နေ့က စင်ကာပူထုတ် THE NEW PAPER သတင်းစာထဲမှာ မြန်မာ Home Maid တစ်ယောက် Facebook ပေါ်မှာ အတွင်းခံဘရာနဲ့ ဓာတ်ပုံတင်ထားတွေ့လို့ အလုပ်အဖြုတ်ခံရတယ် ဆိုတဲ့သတင်းတစ်ပုဒ်ပါလာပါတယ်။

သူမဟာ အသက် ၂၂ နှစ်သာရှိသေးပြီး ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က ၂၀၀၆ ခုနှစ်မှာဘွဲ့ရထားတယ်လို့ဆိုပါတယ်။ဖြစ်ပုံက သူမဟာ အိမ်ရှင်ရဲ့ ၁၂ နှစ်အရွယ် သားဖြစ်သူထံက ဖုန်းကိုယူပြီး Saxy ပုံများကို ရိုက်ယူခဲ့တယ်လို့ဆိုပါတယ်။Saxy ပုံဆိုပေမယ့် အပေါ်က ဘရာနဲ့ အောက်ကဂျင်းဘောင်းဘီနဲ့ နှစ်ပုံ၊ ညအိပ်ဝတ်စုံနဲ့ တစ်ပုံကိုမှန်ရှေ့မှာ ရိုက်ယူထားတာဖြစ်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်အပေါ်ပိုင်းကို ဘရာဝတ်ရိုက်ထားတာဖြစ်ပြီး Naked ပုံမပါဘူးလို့ ဆိုပါတယ်။သိသိချင်းသူမကို အေးဂျင့်ဆီပြန်ပို့လိုက်တယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့ ဇွန်လကလည်း ၂၆ နှစ်အရွယ် မနီနီလို့ခေါ်တဲ့ မြန်မာ Home Maid တစ်ယောက်ကိုလဲ သူမရဲ့ ဖုန်းထဲမှာ ဘီကီနီနဲ့ ရိုက်ထားတဲ့ပုံတွေတွေ့လို့ မြန်မာပြည်ပြန်ပို့ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို အဖြစ်အပျက်မျိုးတွေဟာ စင်ကာပူရောက်မြန်မာတွေ အတွက်အရှက်ရစရာဖြစ်သလို၊ သိက္ခာကျစရာလည်းဖြစ်ပါတယ်။ပြီးတော့ တခြားကောင်းကောင်းမွန်မွန်နေတဲ့ မိန်းကလေးများအတွက် မျက်နှာပျက်စရာဖြစ်ပါတယ်။ များသောအားဖြင့် မြန်မာတွေဆိုရင် ကျန်တဲ့နိုင်ငံသားတော်တော်များများက မကျေနပ်ကြပါဘူး။ အနေမှန်တယ်၊ အလုပ်ကြိုးစားတယ်။ ဒါကြောင့် အထက်လူကြီးက မြန်မာမဟုတ်ပဲ မြန်မာတွေနေရာကောင်းရကြပါတယ်။ စင်ကာပူရဲ့ Red Light Area လိုနေရာမျိုးမှာတောင် မြန်မာမရှိတဲ့ အတွက်ဂုဏ်ယူရပါတယ်။ဒီသတင်းပေါ်လာတဲ့ အခါမှာတော့ သတင်းစာ ယူလာပြီးလာပြတဲ့ သူတွေ မနဲပါဘူး။ မြန်မာတွေ ဒီလိုဖြစ်နေတာ ဝမ်းသာတဲ့ ပုံစံနဲ့ပါ။ ထီပေါက်တဲ့ သတင်းမဟုတ်ဘူးလို့တောင် ပြန်ပြောရပါတယ်။ဒီပုံတွေကိုတွေ့တာက အိမ်ရှင်ရဲ့ သူငယ်ချင်းက တွေ့တာလို့ပြောပါတယ်။ ‘‘lover of freedom’’ နဲ့ ‘‘ trouble_maker ’’ အကောင့်နှစ်ခုထဲကတွေတာလို့ပြောပါတယ်။ဒါပေမယ့် သတင်းစာထဲမှာ ရေးထားတာက သူတို့ဝင်ကြည့်တာတော့ ပုံတွေကိုမတွေ့တော့ပဲ သူမကိုယ်တိုင်ဖျက်လိုက်တာလား ဒါမှမဟုတ် setting ပဲချိန်းလိုက်တာလား မရှင်းလင်းဘူးလို့ဆိုပါတယ်။

ထားလိုက်ပါ။ပြောချင်တာက ဒီသတင်းစာနဲ့ စင်ကာပူရဲ့ မြန်မာပြည်သူတွေပေါ်ထားတဲ့ သဘောထားပါ။ စင်ကာပူဟာ လွတ်လပ်တဲ့နိုင်ငံဖြစ်တဲ့ အပြင် ပူနွေးစိုစွတ်တဲ့နိုင်ငံ ဖြစ်တဲ့အတွက် မိန်းကလေးတိုင်းလိုလို လွတ်လွတ်လပ်လပ်ဝတ်ဆင်ကြတာ အားလုံးအသိပါပဲ။ အပေါ်မှာအင်္ကျီဝတ်ထားပေမယ့် အသားပါးတာတွေဝတ်တာကြောင့် အတွင်းခံအဝတ်အစားဆိုတာ မမြင်ချင်မှ အဆုံးပါပဲ။ လူလယ်ခေါင်မှာလဲ ဒီလိုပဲ သွားလာနေကြတာပါပဲ။ ဒါကို မိန်းကလေးတစ်ယောက် Sexy ပုံ Facebook ပေါ်တင်တာ ရေးကြီးခွင်ကျယ်လုပ်နေရအောင် သူ့နိုင်ငံ ဘယ်လောက်တောင် ယဉ်ကျေးမှုရှိနေလို့လဲ မသိပါဘူး။ သတင်းစာထဲထည့်ရလောက်တဲ့ သတင်းလဲမဟုတ်ပါဘူး။အဓိကဖြစ်ရတဲ့အကြောင်းရင်းက ပိုင်ရှင်ရဲ့ ကွန်ပျူတာကို မသိပဲယူသုံးတာ ဒါမှမဟုတ် အခြားပြဿနာတစ်ခုလဲ ဖြစ်နိုင်ပါတယ်။ ပြီးတော့ စင်ကာပူရဲ့ သတင်းစာတိုင်းလိုလိုမှာ ဓာတ်ပုံပါတဲ့သူဟာ ကောင်းသတင်းမဟုတ်ရင် (ဥပမာ..မုဒိန်းမှု ၊ ခိုးမှု…) မျက်လုံးကို ဒါမှမဟုတ် မျက်နှာကို ဖျက်ပေးထားနေကြပါ။ စင်ကာပူမင်းသမီးတစ်ယောက်ရဲ့ Sex Video အင်တာနက်ပေါ်ပြန့်နေတုန်းကဆိုရင် သတင်းထဲပါလာပေမယ့် မျက်လုံးကိုဖျက်ပေးထားတဲ့ အပြင် ဝက်ဘ်ဆိုဒ်လိပ်စာတွေပါ ဖျက်ထားပါတယ်။ ခု Sexy ပုံကျတော့ မျက်နှာကိုဖျက်ပေးမထားတဲ့အပြင် Facebook လိပ်စာတွေကိုပါထည့်ပေးထားတာဟာ မြန်မာတွေကို သိက္ခာချနေကြောင်း သိသာစေတဲ့ အချက်ပါ။ ပြီးတော့ ရိုက်ထားတဲ့ပုံတွေဟာ စင်ကာပူတစ်နိုင်လုံးက ကြေငြာတွေနဲ့ ယှဉ်လိုက်ရင် ဘာမှမပြောပလောက်ပါဘူး။ လွန်ခဲ့တဲ့ ၃။ ၄ နှစ်လောက်က စင်ကာပူနဲ့ မြန်မာဘောလုံးပွဲမှာ မြန်မာ အသင်းသားတွေနဲ့ စင်ကာပူအသင်းသား၊ နည်းပြတွေနဲ့ ပြဿနာဖြစ်ခဲ့တာတွေကို ခုချိန်ထိပြသပြီး မြန်မာတွေမိုက်ရိုင်းတယ် မပြောရုံတစ်မယ် လုပ်နေတာတွေဟာ စင်ကာပူမီဒီယာတွေရဲ့ သဘောထားမကြည်လင်မှုတွေကို တွေ့ရပါတယ်။ ပြီးတော့ Sex Shop တွေကိုတောင် တရားဝင်ဖွင့်ပေးထားတဲ့ နိုင်ငံက ဒီလိုပုံကိစ္စကို သတင်းစာထဲထည့်တာဟာ အံ့ ဩစရာဖြစ်တဲ့အပြင် မြန်မာတွေအပေါ် ဘယ်လောက်အမြင်မကြည်လင်ဘူးလဲ ဆိုတာ သိသာတဲ့အချက်တွေပါပဲ။

ရွှေသွေး

Saturday, September 18, 2010

ဘဝအားမာန် စာကြည့်တိုက်




မြို့မှာရှိတဲ့ ကလေးငယ်များ ဗဟုသုတရရှိစေရန်၊ စာပေဝါသနာပါပြီး စာအုပ်ငှားခမတတ်နိုင်သူမျုားကို ကူညီရန်၊ ရှားပါးစာအုပ်များကို စုစည်းရန်၊ စာပေဝါသနာရှင်များကို တနေရာတည်းမှာ စာအုပ်များကို တစ်စုတစ်စည်းတည်း ဖတ်နိုင်ရန် ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ ဒီစာကြည့်တိုက်လေးကို စာပေချစ်သူလူငယ်များက ဖွဲ့စည်း တည်ထောင်ခဲ့ကြပါတယ်။


ကျွန်တော်တို့မြို့မှာ စာအုပ်အငှားဆိုင် (၁၀)ဆိုင်လောက်နဲ့ ပြန်/ဆက် ဆိုတဲ့ အစိုးရစာကြည့်တိုက်တစ်ခုရှိပါတယ်။ ပြန်/ဆက်ဆိုတာကလည်း ဗဟုသုတရစရာတစ်ခုမှမပါပဲ ဝါဒဖြန့်ဌာနသက်သက်သာ ဖြစ်တာကြောင့် လူတော်တော်များများက သွားလိုစိတ်မရှိကြပါဘူး။ စာအုပ်အငှားဆိုင်ဆိုတာကလည်း အငှားသွက်လူငယ်ကြိုက်စာပေတွေသာ တင်တာကြောင့် သာမာန်ထက်ပိုပြီး စာဖတ်လိုတဲ့ စာပေဝါသနာရှင်များအတွက် တော်တော်ကိုဒုက္ခရောက်ကြရပါတယ်။ ဒါ့အပြင် စာကောင်းကောင်းဖတ်တဲ့သူတွေက မိမိတို့ရဲ့ စာအုပ်များကို ဝါသနာတူသူတွေဆီကို ဝေမျှချင်ကြပေမယ့် လူတိုင်းကိုလဲမငှားရဲကြဘူး။ ဒါကြောင့် ဒီအခက်အခဲတွေကို ကူညီမယ့် နေရာတစ်ခု လိုအပ်တယ်ထင်လို့ ဒီစာကြည့်တိုက်လေးကို တည်ဆောက်ခဲ့ကြပါတယ်။


ကျွန်တော်တို့ မြို့လေးဟာ ရခိုင်ပြည်နယ်ရဲ့ တောင်ဘက်အစွန်ဆုံးမှာ တည်ရှိပြီး ဧရာဝတီတိုင်းနဲ့ ရခိုင်ရိုးမခြားထားပါတယ်။ အဲဒီအတွက် သွားလာရခက်ခဲပြီး မြို့နေလူထုရဲ့ တဝက်လောက်ဟာ အောက်ခြေလူတန်းစားနဲ့ လူလတ်တန်းစားတွေများပါတယ်။ ဒီ့အတွက် စာဖတ်လိုသူတော်တော်များများဟာ စာအုပ်မငှားနိုင်ကြပါဘူး။ စာကြည့်တိုက်လေး တည်ထောင်ပြီးတဲ့နောက်မှာတော့ စာအုပ်မငှားနိုင်တဲ့သူတွေ
သာမက လူတန်းစားအားလုံးအတွက် အဆင်ပြေတဲ့ နေရာတစ်ခုဖြစ်လာပါတယ်။


ဒါ့အပြင် ကျောင်းသားနဲ့ ကလေးယ်တွေရဲ့ စာပေအပေါ်စိတ်ဝင်စားမှုဟာ ဖွင့်ပြီးတစ်လလောက်အတွင်းမှာတင် တော်တော်ကိုမြင့်တက်လာပါတယ်။ ခုံမလောက်လို့ ကြမ်းပြင်ပေါ်မှာတောင် ထိုင်ဖတ်ရတဲ့အထိပါပဲ။ ကျောင်းတက်ရက်မှာ မနက်စောစောလာပြီး စာဖတ်၊ ကျောင်းချိန်နီးရင် ကျောင်းသွား၊ နေ့လည်မုန်းစားဆင်းချိန် စာလာဖတ်နဲ့ စာပေထဲမှာနစ်မြောနေကြတာမြင်ရတာ အင်မတန်မှ ပီတိဖြစ်စရာကောင်းလှပါတယ်။ စာအုပ်ဝယ်ရင်တောင်မှ သုံးပုံနှစ်ပုံလောက်ကို ကလေးကြိုက်နဲ့ ပညာပေးစာအုပ်မျိုးတွေ ဝယ်ပေးရတဲ့ အထိပါပဲ။


ဒီစာကြည့်တိုက်လေးရဲ့နာမည်က ‘‘ ဘဝအားမာန် ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် ’’ ဖြစ်ပါတယ်။ ၂၀၀၆ ဒီဇင်ဘာ ၁၅ ရက်နေ့ကတင်ဖွင့်လှစ်ခဲ့ပြီး ယခုတိုလျှင် (၄)နှစ် ပြည့်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့် နာမည်နဲ့လိုက်အောင်တော့ အားမာန်မရှိလှပါဘူး။ အထွေထွေလိုအပ်ချက်တွေရှိနေပါသေးတယ်။ စာကြည့်တိုက်ရဲ့ ဘဏ္ဍာရေးအခက်အခဲကြောင့် (၃)ခါလောက်ပိတ်ခဲ့ရပါတယ်။ စာအုပ်ဈေးမြင့်တက်လာတာကြောင့် ရတဲ့ရံပုံငွေနဲ့ စာအုပ်ဝယ်ရတာ ခက်ခဲလာပါတယ်။ စာကြည့်တိုက် အဆောက်အဦးကိုတောင်မှ ပြီးအောင်မဆောက်ပဲ စာအုပ်ဝယ်တဲ့ အထဲထည့်လိုက်ရပါတယ်။ ဒါကြောင့် မိမိတို့ကဲ့သို့ စာပေအပေါ်ဝါသနာသူများကို ကူညီနိုင်ရန် ကျွန်တော်တို့ ဘဝအားမာန်စာကြည့်တိုက်သို့ စာအုပ် (သို့မဟုတ်) အလှူငွေများကိုထည့်ဝင် လှူဒါန်းပေးကြပါရန် နှိုးဆော်လိုက်ခြင်းဖြစ်ပါတယ်။


စာကြည့်တိုက်လိပ်စာ

ဘဝအားမာန် ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်
ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်
ဂွမြို့ ၊ ရခိုင်ပြည်နယ်။

ဆက်သွယ်လှူဒါန်းနိုင်သည့် သူများမှာ......

ဦးခင်မောင်ထွေး ဂွမြို့။ရခိုင်ပြည်နယ် (၀၉၄ ၉၆၇၂ ၃၃၃)
ကိုကျော်စိုးလင်း ကျိန္တလီမြို့။ရခိုင်ပြည်နယ်(၀၉၈ ၅၁၅၅ ၆၃)
ကိုစိုးမင်းအောင် စင်ကာပူ(၆၅ ၉၈၆၇ ၂၁၂၄)
ကိုမျိုးမင်းအောင် ဒူဘိုင်း (၀၅၅ ၄၅၃၅၆၄၅)
ကိုဇေယျာထွန်း စင်ကာပူ(၆၅ ၈၂၉၈၆၉၁၇)
ကိုရဲခေါင်ညွန့် စင်ကာပူ(၆၅ ၈၃၅၅ ၉၁၅၀)
ကိုဟိန်းမင်းဇော် ရန်ကုန် (၀၉၄ ၄၄၄၆ ၅၆၈)
ကိုကျော်ဘိုဘိုထွဋ် ကိုရီးယား(၈၂ ၀၁၀၅ ၈၀၈၉ ၉၂၀)
ကိုမျိုးမင်းဝင်း ရန်ကုန်(၀၉၈ ၃၀၂၀ ၉၁)

Friday, July 30, 2010


သင်းကွဲ



လူ့အသိုင်းအဝိုင်းရဲ့ သတ်မှတ်ချက်တွေကြောင့်

သူ့မှာ သက်တမ်းစေ့တောင်မနေရရှာဘူး

သင်းကွဲ တစ်ကောင်ရဲ့ဘဝမှာ

ရှက်ဖွယ်လိလိ အဖြစ်တွေ

ဘယ်လောက်အထိ ကြုံရဦးမှာလဲ…..

မိသားစုရဲ့ အဝေးမှာ

တိုးတိုးတိတ်တိတ် ကြေကွဲ

ဘယ်လောက်ကြာကြာ ငေးနေရမှာလဲ….။

Sunday, June 20, 2010

ဒေါင်းယောင်ဆောင်တဲ့ ကျီးမိုက်တွေပါအမေ

အမေ….

အမေ့ကို မင်ဒဲလားကပြောတယ်
သူတို့လည်း ဒီမိုကရေစီကို နံရံတွေကြားထဲကပဲ
တည်ဆောက်လာရတာတဲ့

အမေ့ကို ကင်ဒေးဂျုံကပြောတယ်
သူတို့လည်း ဒီမိုကရေစီကို သေနတ်ပြောင်းတွေရှေ့မှာပဲ
ရင်းယူလာခဲ့ရတာတဲ့

အမေ့ကို လားမားကြီးကပြောတယ်
သူတို့လည်း ဒီမိုကရေစီကို ဖိနှိပ်မှုတွေအောက်မှာ
ကျင်ယူနေရတုန်းပါတဲ့

အမေ….

ကျွန်တော် ရင်ကိုကော့ထားလိုက်တယ်
ရန်ကုန်မှာ
ထောင်နံရံ၊ သေနတ်ပြောင်း၊ ဖိနှိပ်မှု …
ဘာကိုမှ ဂရုမပြုတဲ့
ငါတို့ “အမေ” ရှိတယ်လို့

ကျွန်တော် လက်သီးကိုဆုပ်ထားလိုက်တယ်
ရန်ကုန်မှာ
လူသန်းခြောက်ဆယ်အတွက်
ဘဝတစ်ခုလုံးနဲ့ ပေးဆပ်ထားတဲ့
ငါတို့ “အမေ” ရှိတယ်လို့

ကျွန်တော် ခေါင်းကိုမော့ထားလိုက်တယ်
ရန်ကုန်မှာ
ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ
အလေးဂရုပြုရတဲ့
ငါတို့ “အမေ” ရှိတယ်လို့

ဒါပေမယ့် အမေ…

ကျွန်တော်တို့က အမေ မကြောက်တဲ့ သေနတ်ပြောင်းကို
ကြောက်တဲ့ အမေ့သားတွေ

ကျွန်တော်တို့က အမေ မုန်းတဲ့ ဖိနှိပ်မှုနဲ့
အသားကျနေတဲ့ အမေ့သမီးတွေ

ကျွန်တော်တို့က
ဒေါင်းယောင်ဆောင်ထားတဲ့ ကျီးမိုက်တွေပါ အမေ

ဒီလူတွေက….
အမေ့ရင်ကို လေးစေတဲ့အခါ
အမေ့သွေးကို အေးစေတဲ့အခါ
အမေ့နားကို ခါးစေတဲ့အခါ

အမေ ခွင့်မလွှတ်လိုက်ပါနဲ့ အမေ …

(မောင်ပွတ်)

ကျွန်တော်တို့ လမ်းဆုံလား လမ်းဆုံးလား မသိတဲ့အချိန်ကာလတစ်ခုကိုရောက်နေပါတယ်…

ရင်လေးဖွယ်ရာ မနက်ဖြန်တွေကို ကျွန်တော်တို့ ဘယ်လိုရင်ဆိုင်ရမလည်း…

မိန်းမတစ်ယောက်က လူသန်းခြောက်ဆယ်အတွက် တရားမျှတမှုကို သူအပေါ်ကျရောက်လာတဲ့

မတရားမှုတွေနဲ့ ခါးစည်းခံပေးနေပါတယ်…

တရားမျှတမှုကို မကျင့်သုံးပဲ ဒီမိုကရေစီဖော်ဆောင်နေပါတယ်ဆိုတဲ့ ဟာသကို

ကျွန်တော်တို့ ဘယ်လိုနားနဲ့ ယုံရမလည်း… ကဗျာရေးခဲတဲ့ ကိုပွတ်ရဲ့ကဗျာဟာ

ကျွန်တော်တို့ ပျက်ကွက်မှုကို ဖော်ပြနေပါတယ်… ကျွန်တော်တို့ကိုယ်တိုင်

ဒီမိုကရေဆီကို မကျင့်သုံးပဲနဲ့တော့ တရားမျှတာမှုကို ကျွန်တော်တို့ရရှိနိုင်မှာမဟုတ်ပါဘူး…။

ကဗျာအတွက်ကျေးဇူးပါ ကိုပွတ်ရေ….။

www.myosatt.wordpress.com မှ

ရင်ထဲက အမေ


အမေဟာ…
ဝါးလုံးခေါင်းထက်တောင် ကျဉ်းတဲ့
စစ်ဖိနပ် အတွင်းမှာ
မရမက သာပေးရှာတဲ့ လမင်း။

အမေဟာ…
ဒဏ်ရာတွေကို ကြိုးအဖြစ်တပ်ပြီး
ကမ္ဘာတုန်အောင် မြည်တဲ့သီချင်း။

အမေနေပြခဲ့တဲ့ အတ္ထုပ္ပတ္တိနဲ့  သားတို့ သတ္တိတွေကို ဆူပွက်နေအောင် နှိုးထားတာ။
အမေပြောခဲ့တဲ့ စကားတွေနဲ့ သားတို့ သွေးတွေကို နီရဲနေအောင် ဆိုးထားတာ။

အမေ့ရင်ထဲက ကဗျာ တစ်ပုဒ်ဆွဲထုတ်
ဓားတစ်လက်လုပ်ပြီး
အဲဒီ့ မိစ္ဆာတောအုပ်ကို သားတို့ ခုတ်ကြမယ် အမေ။

သွေးဆာနေတဲ့ဘီလူးတွေက
စံမမီတဲ့ သူတို့ ဘဝလှေနံမှာ
အာဏာကို အောင်မြင်မှု အဖြစ် တရားသေ ဓားထစ်နေချိန်မှာ
အမေကတော့ ကရုဏာ နှလုံးသားနဲ့ 
ပြည်သူ့ ငိုသံကို နားစွင့်တယ်။

အမေဟာ တက္ကသိုလ်ရိပ်သာလမ်းထဲမှာ လှောင်ထားခံရတဲ့ ငှက်ကလေး တစ်ကောင်၊
ပျံခွင့်မရတဲ့ ငှက်အားလုံးတို့ ရဲ့ ခေါင်းဆောင်ပေါ့။
အမေက ပျံခွင့်မရပေမယ့် အမေ့နာမည်ကတော့ ဟိုး…ကောင်းကင်ဖျားမှာပျံနေတယ်။
အမေ့ နာမည်တစ်လုံးကို ပြည်သူတွေအတွက် အမေသုံးချင်နေမှာပဲနော်။

ပြည်သူ့ မေတ္တာတွေသာ ပန်းပွင့်လေးတွေဖြစ်မယ်ဆိုရင်
ပြည်သူတိုင်းက ပန်းပွင့်တစ်ပွင့်စီပေးလို့ 
အမေ့ ဘဝဥယျာဉ်မှာ ပန်းပွင့်လေးတွေနဲ့ ပြည့်နေလောက်ပြီ။
အဲဒီ့ ပန်းရနံ့ တွေပေါ့။
သူတို့ မလိုတမာစိတ်နဲ့ ဘယ်လိုဖုံးဖုံး
ကမ္ဘာတစ်ခုလုံး မွှေးနေတာ။

မိစ္ဆာတွေကတော့
သေနတ်ကို မလွှတ်တမ်းကိုင်ပြီး
မီးလောင်နေတဲ့ ကုလားထိုင်တွေပေါ် အတင်းတက်ထိုင်နေကြတယ် အမေ။
အဲဒီ့ မိစ္ဆာတွေပေါ့၊
သူရဲဘော ကြောင်လိုက်ကြတာ။
အမေ့ကို ရင်မဆိုင်ရဲလို့ ၊
အမေ့ကို မယှဉ်ပြိုင်ရဲလို့ 
အမေ့ကိုသီးခြား ခွဲထုတ်
အမေ့စာမျက်နှာတွေကို သမိုင်းထဲက အတင်းဆွဲစုတ်လည်း
အမေ့ ပုံရိပ်တွေက သားတို့ အသည်းထဲမှာ
စုတ်နဲ့ ထိုးထားသလို စွဲပြီးသား။

ဘယ်သူတွေ ဘယ်လို ပြောပါစေ
အမေဟာ အမေဖြစ်နေသေးသရွေ့ 
သားတို့ ချစ်နေမယ်။
ရင်ထဲမှာ အမေ အမြဲရှိနေမယ်။

ခုချိန်မှာတော့ အမေဟာ ….
ကျဆုံးခဲ့တဲ့ ရင်သွေးတွေအတွက်
အမေ့အိမ်လေးထဲမှာ တိတ်တိတ်ကလေး ငိုနေမလား။
ဒါမှမဟုတ် ဒုက္ခပင်လယ်ဝေနေတဲ့ ရင်သွေးတွေအတွက်
ဆုတောင်းမေတ္တာတေးသီချင်းတွေကို တိတ်တိတ်ကလေးဆိုနေမလား။

အမေ့ရဲ့  အကြင်နာလက်နဲ့ 
သားတို့ နေတဲ့ ပုခက်လေးကို
ညင်သာစွာ လွှဲပေးမယ့် နေ့ ရက်တွေကို မျှော်နေမယ်။

အမေဟာ ကျွန်တော်တို့ အားလုံးရဲ့ ကောင်းကင်
အမေ မိုးမယ့် နေ့ တွေဆီကို သားတို့ အားလုံး ရောက်ချင်လှပြီ။
အမေဟာ ကျွန်တော်တို့ အားလုံး ရဲ့ မိခင်
အမေပျိုးမယ့် ဥယျာဉ်ကို သားတို့ အားလုံး ကြည့်ချင်လှပြီ။

ကောင်းကင်ကို

မမေ့နဲ့ ဟေ့.....






မမေ့နဲ့ဟေ့ …

တို့ရှေ့မှာပင်၊ ထေရ်အရှင်တို့

မြေတွင်တုံးလုံး၊ အသက်ဆုံး၍

သွေးဖုံး တော်လှန်ပြခဲ့ပြီ။

မမေ့နဲ့ဟေ့ …

ကျောင်းရိပ်ကန်ရိပ်၊ တရားရိပ်မှာ

ချွေးသိပ်နားနေ၊ ရနိုင်လေလည်း

ထေရ်ရှင်အများ၊ နှလုံးသား၌

တိုင်းသားပြည်သူ၊ စိတ်အပူကို

နှုတ်ယူဆုပ်ဖမ်း၊ ဆူးခင်းလမ်းတွင်

မနွမ်းမကြွေ၊ ပူမျှဝေလျက်

သွေးအသက်နှင့် ပေးဆက်စာနာပြခဲ့ပြီ။

မမေ့နဲ့ဟေ့ …

တစ်နေ့မွေးလျှင်၊ တစ်နေ့တွင်မူ

သေမင်းယူမည်၊ သေမူကိုတွေး

သတ္တိမွေးလော့. . .

သွေးနှင့်သစ္စာ၊ နှင်းအပ်ကာလျှင်

တိုက်ပွဲဝင်လော့. . .

အားပျော့စိတ်ပျက်၊ ကိုယ့်အတွက်သာ

တွေးနေပါမူ၊ ထေရ်ဘုန်းလူတို့

စွန့်လှူလွှတ်သွား၊ ဝိညာဉ်များကို

အားနာစရာ ကောင်းလှပါသည်

မျက်နှာ မည်သို့ ပြအံ့နည်း။

မမေ့နဲ့ဟေ …့

သမိုင်းသစ်ဖို့ တို့ပြည်တစ်ခေတ်

တိုင်းချစ်ပြည်ခင်၊ ထေရ်အရှင်တို့

ဖိတ်စဉ်မြေလူး၊ သွေးကျေးဇူးကို

အထူးဆပ်ရန် ရှိသည်ကို. . .။



တင်မိုးညို

၂၆.၉.၂ဝဝ၈

(ပြည်သူအားလုံး သံဃာတော်များရဲ့ သွေးကျေးဇူးကို အထူးတလည် ပေးဆပ်ပူဇော်နိုင်ကြပါစေ

Saturday, June 5, 2010

စုန်းမ


စိတ်ရှိလက်ရှိသာ ဖမ်းစားလိုက်စမ်းပါ

ငါ့ရဲ့………စုန်းမလေးရယ်

နင့် အချစ်တွေနဲ့လေ

ဘယ် ပရောဂဆရာမှ မလာအောင်

ငါ……..တား ထားပါ့မယ် ။

လွဲလွဲလေး

တနေ့မှာ ဂေါက်သီးအကျော်အမော် တစ်ယောက်နဲ့ ဘုန်းတော်ကြီးတစ်ပါးတို့ ဂေါက်သီးရိုက်ကြပါတယ်။ ကံဆိုးစွာပဲ ဂေါက်သီးအကျော်အမော်ဟာ ခဏခဏ အမှားတွေရိုက်မိပါတယ်။ ရိုက်မိတိုင်းလည်း ညစ်ညမ်းတဲ့ စကားနဲ့အတူ ‘‘ လွဲပြန်ပြီဟ ’’ လို့ အော်ဆဲပါတယ်။ ဒါကို ဘုန်းတော်ကြီးက ဆင်ခြင်ဖို့ ပြောပါတယ်။ ဂေါက်သီးသမားကလည်း လွဲတိုင်းအော်ဆဲနေပါတယ်။ ဘုန်းတော်ကြီးကလည်း ဆဲတိုင်းဆင်ခြင်ဖို့ပြောပါတယ်။ ခဏကြာတော့ ကောင်းကင်ပေါ်က မိုးခြိမ်းသံကြီးကြားပြီး ဘုန်းတော်ကြီးကို မိုးကြိုးထိမှန်သွားပါတယ်။ ခဏအကြာမှာ ကောင်းကင်ပေါ်က ‘‘ လခွီးမှပဲ လွဲပြန်ပြီဟ ’’ ဆိုတဲ့ အသံကြီးထွက်ပေါ်လာပါတယ်။

Thursday, May 13, 2010

ငါတို့ဟာ ရေခဲပင်လယ်တွေ မဟုတ်ဘူး




နှင်းဆီပင်ကလေး
သေဆုံးသွားတဲ့အခါ
နှင်းဆီရွက်တွေ
ရာဇ၀င်သက်သေ ကျန်ရစ်တယ်။

ရနံ့ မပြယ်သေးတဲ့
နီနီစွေးစွေး
နှင်းဆီပွင့်လေးတွေ
ရင်နင့်အောင် မွှေးနေဦးတော့မယ်။
ညီလေးရေ …
ညီလေးရေ …
ကျွန်းမကြီးမှာ
တို့အတူ စီးဆင်းခဲ့ကြတယ်
ငါတို့ ဟာသံမဏိမြစ်တွေပေါ့ ။
ညီလေးရေ …
အဖြူရောင်ပဲ့တင်မှာ
တို့အတူ ရွက်လွှင့်ခဲ့ကြတယ်
ငါတို့ဟာ ဂရန်မာရွက်လှေတွေပေါ့ ။
ညီလေးရေ…
ဗန်းမော်တင်အောင်အုတ်ဂူမှာ
တို့အတူ ပျံသန်းခဲ့ကြတယ်
ငါတို့ဟာ ကမ်းကြည့်ငှက်တွေပေါ့ ။
ညီလေးရေ…
၃၃ လမ်းမှာ
တို့အတူ ဖြတ်သန်းခဲ့ကြတယ်
ငါတို့ဟာ မီထရာမြင်းတွေပေါ့ ။
ညီလေးရေ…
ရွှေဝါရောင်မှာ
တို့အတူ လှိုင်းထန်ခဲ့ကြတယ်
ငါတို့ဟာ ရေခဲပင်လယ်တွေ မဟုတ်ဘူး။ ။

အောင်ဝေး

[မေ ၁၁ ၊ ၂၀၁၀ နေ့  က ရန်ကုန်မြို့ မှာကွယ်လွန်သွားတဲ့
ပန်းချီသန်းမြင့်အောင်(ကဗျာဆရာ သင်းဝေအောင်) သို့ ]

ခေါင်းလောင်းသံ စာတမ်း


(၁)
ကြယ်တာရာတွေ စူးစူးဝါးဝါးငုံ့ကြည့်နေတဲ့ ကဝေည
မေမေ့…ကို ကျွန်တော်သတိရလိုက်တာ…
ညဥ့်ငှက်တွေက ကမ္ဘာအပေါ်ယံမှာ လူးလာပျံသန်း
လရောင်ကို တောင်ပံနဲ့ တဖြန်းဖြန်းရိုက်ကြတယ်…။

လောကအတုမှာ ..လူသားအတုတစ်ယောက်
ကိုယ့်ပေါက်ချွန်း ကိုယ်ထမ်းပြီးလမ်းလျှောက်နေတယ်
မေမေ…
ကျွန်တော့်အတွက်တော့ မေမေ့ရင်ခွင်ဟာ
သောကကင်းဝေးတဲ့ ငြိမ်းချမ်းရေး “နယ်”ပါ
အခု..ဘယ်မှာလဲ
ဘယ်မှာလဲ…..။

မြူမှုန်မိုးနှင်းတွေကရွှေရောင်တ၀င်းဝင်းတောက်
မေမေ့အုတ်ဂူကို စောင့်ရှောက်ကြလိမ့်မယ်
ကောင်းရာဘုံသို့သွား အားလုံးကိုမေ့ထားခဲ့ပါတော့
မေမေ…။

(၂)
ကျွန်တော်မှတ်မိသမျှ…
မေမေ့မျက်လုံးဟာ ဆောင်းရာသီဆန်လွန်းတယ်
မြူတွေဖုံး၊နှင်းစက်တွေဖုံး
နေရောင်တွေလည်း ခါးကုန်းအောင်ရုန်းခဲ့ရပေါ့

သစ်ကိုင်းခြောက်ကြီးက မီးတောက်ကလေးကိုမွေးဖွား
ပြာအနန္တတိုင်အောင် ထွေးပိုက်ပျိုးထောင်သွားသလို
မေမေဟာ…
သူ့ကိုယ်သူဖြန့်ခင်းပြီးကျွန်တော့်ကို လျှောက်နင်းခိုင်းခဲ့တယ်…။

မုသားတစ်လွှာ မာယာတစ်ထပ်၊၀တ်ရည်တစ်စက်နဲ့
အို…ခတ္တာရေ…
ပုခက်လွှဲသောလက်တွေနဲ့ ကျွန်တော့်ကိုစိုက်ပျိုးခဲ့ရုံသာမက
သူမ..ကိုယ်တိုင်က..
ကျွန်တော့်အတွက်ဆိုရင် ပုခက်ဖြစ်ပြခဲ့တယ်…။

“အမေ”အဖြစ်
စုန်ရေသစ်စီးကြောင်း၊တောင်ကျချောင်းကလေး
အေးလို့မွှေးလို့ တည်ခဲ့ပြန်တယ်။

(၃)
ခြေထောက်တွေက လှေကားထစ်အတိုင်းတက်သွားပြီး..
လူက..လှေကားခြေရင်းမှာကျန်ခဲ့ရတယ်
ဘယ်သူမဆို
ကိုယ့်အရိပ်ထဲမှာ ကိုယ်ပြန်ခိုချင်လို့်ရဘူး
ကျွန်တော့်ကို “မေမေ”ပြန်ပေးကြပါ..။

ပြက္ခဒိန်ထဲမှာ ကြယ်ပွင့်ပြရေးစရာမလိုတဲ့
သာမန်အညတရ မွန်းလွဲအိုတစ်ခုက
“မေမေ့”ကို လုသွားတယ်…။

နေပူအရပ်ရဲ့ကောင်းကင်နက္ခတ်ဖြူများဟာ
လင်းအားပြင်းထန်၊လူငယ်တစ်ယောက်ရဲ့နှလုံးသားအတွင်းကို
တရှူးထိုးဆင်းချတယ်….။
လက်ဖမိုးနဲ့ဖျက်ဖျက်လက်ဖ၀ါးနဲ့ဖျက်ဖျက်
ပါးပေါ်စီးတဲ့မျက်ရည်စက်လေးကတော့ပျက်သွားမှာပါ
ဒါပေမယ့်မေမေရယ်…။

(၄)
မေမေ့မှာ
နာကျင်ခဲ့ရတဲ့ ဂန္တ၀င်သက္ကရာဇ်များ
ဆက်ထုံးရှည်လျားလျားနဲ့ရှိခဲ့တယ်….။

ငယ်ငယ်တည်းက
“၀”လုံးဘယ်မှာစဖတ်ရမှန်းမသိတဲ့ကျွန်တော်ဟာ
မေမေ့အကြောင်းကိုလည်းခုထိစာလုံးမပေါင်းနိုင်ခဲ့ဘူး..။

မေမေ့မှာ
ဘာသာဗေဒမတူ၊ဖတ်တဲ့စာချင်းမတူ၊ခူးတဲ့ပန်းချင်းမတူ
မိတ်ဆွေနဲ့မတူတဲ့မိတ်ဆွေတွေရှိတယ်…။

မေမေဟာ
အက္ခရာနဲ့ဖော်ပြလို့မစွမ်းတဲ့၊ယဉ်ကျေးမှုအခန်းခန်းကို
လွှမ်းရုံဖန်ဆင်းထားသူဖြစ်တယ်…။

ကျွန်တော့်မေမေဟာ
သူများမေမေတွေထက်…နို့ရည်ပိုမထွက်ပါဘူး…….
ဒါပေမယ့်မျက်ရည်တော့ပိုထွက်ရင်ထွက်မယ်….
ကျွန်တော်ကလည်းဆိုးခဲ့တယ်လေ..။

(၅)
ဖုန်မှုန့်ပျံ့စင်…
ကျွန်တော့်ရဲ့စိတ်ကူးတယဉ်ယဉ်တွင်းဟောင်း
အခု..လင်းနို့တွေအောင်းနေပြီမေမေ..။

လွန်ခဲ့တဲ့အနှစ် (၂၀)ကျော်
ကျွန်တော်မြင်းရုပ်စီးပြီး၊သစ်သားခွာကြီးနဲ့ခရီးတွေနှင်
မေမေ့လက်ခုပ်သံတလွင်လွင်ပေါ့….။

စိတ်မလိုရင်ကောင်းဘွိုင်ဦးထုပ်ကိုဆွဲဖြဲ
ဂျစ်ကားတွေတက်နင်း၊ရထား တစ်စင်းလုံးဆောင့်ကန်
ကျွန်တော့်ထမင်းပန်းကန်အထူအပါး
မေမေခွံ့ကျွေးမှစားခဲ့တယ်..။

မေမေက ဥုံဖွလို့မန်းမှုတ်ရင်
ဒုက္ခအပေါင်းဟာတိတ်ဆိတ်ငြိမ်သက်
ကျွန်တော့်ရှေ့မှောက်မှာကြောက်ရွံ့စွာလက်ပိုက်ရပ်ကြတယ်..။

“လူကလေးရဲ့အိပ်ချိန်တန်၊ဗျိုင်းရှေ့ကပျံ” တဲ့
မိုးအုံ့နေတဲ့မျက်လုံးနဲ့ မေမေ့ပုခုံးမှာမှီတွယ်ငိုက်မျဉ်း
ကျွန်တော်ကလည်းအိပ်ပုပ်ကြီးတယ်…
ကျွန်တော်အိပ်တိုင်းမေမေ့ဗျိုင်းကလည်းရှေ့မှာပျံတယ်…။

ကျွန်တော့်အိပ်မက်
မေမေ့လည်တိုင်ကိုဖက်လို့ပေါ့…။

(၆)
ဟင်းလင်းပွင့်နေတဲ့ကျွန်တော့်ရင်ဘတ်ကိုဖုံးဖို့
အကျီ င်္မှာကြယ်သီးတစ်လုံးလိုနေပြီ….မေမေ..။

ငယ်ငယ်ကတည်းက….
မေမေကခံတပ်လုပ်၊ကျွန်တော်ကသူရဲကောင်းလုပ်
ရန်သူတွေနဲ့ဝေေ၀ဆာဆာဓါးချင်းခုတ်ဖူးတယ်….။

ကျွန်တော့်ဘ၀တောက်လျှောက်
မေမေဟာခံတပ်ဆန်သူတစ်ယောက်ပါပဲ…
ကျွန်တော့်ဘက်မှာရပ်တည် ၊ကာကွယ်၊တိုက်ခိုက်
သူမကိုတော့..မြားအစင်းစင်းစိုက်ခဲ့တယ်…။

ကျွန်တော့်ကိုအလိုလိုက်..ကျွန်တော့်ကိုမရိုက်
ကျွန်တော့်ကိုရိုက်လည်းကျွန်တော်မငို..မေမေပဲငို..။

မေမေပြောတဲ့ကျေးလက်နီတိ
“မတတ်ဘဲမန်းရင်တစ္ဆေမုန်းလိမ့်မယ်”
ဆေးမျက်လုံးနဲ့ကြည့်….တဲ့။

(၇)
လေကိုလေနဲ့မှုတ်တာကမှလွဲဦးမယ်…
ကျွန်တော့်ကိုမေမေက..
ပညာလှလှတတ်စေချင်တာ..အသေအချာပေါ့..။

ကောင်းကင်ပေါ်က“လ”နဲ့ဗျည်းစာလုံးထဲက“လ”
ဘာကြောင့်မတူတာလဲ….
ကျွန်တော်နဲ့အဖော်များ
ကျောင်းတော်မှာသဘောကွဲပြားကြ..။

ကျွန်တော်ကလူပျင်း..
သစ်ပင်ခြေရင်းမှာရပ်လိုက်၊သစ်ပင်ဖျားကိုတက်လိုက်
စာမေးပွဲတွေမှာ..
အဆင့်တွေက ၁ မှ ၁၀၀ မရေရာ…။

တစတစ…
လူငယ်သီချင်း၊နှင်းဆီဓားသွား၊ရင်ကြားစိုက်နစ်
ကျွန်တော်ဟာ တေလေကုန်းမှာ ကဗျာဆရာဖြစ်လာတယ်..။
လူငယ်တစ်ယောက်ရဲ့ရင်ခေါင်းမှာ..
အိပ်မက်တွေအမြှောင်းမြှောင်းထ..
ဂမ္ဘီရလမင်းကလည်းဝိုက်အုပ်ဖြာဆင်းကျနေတော့တယ်..။

(၈)
တစ်ရက်မှာ
မြူပြာမှိုင်းမှုန်၊အိပ်မက်ကိုစောင်လိုခြုံဆဲ…
ကြယ်တွေအကုန်ကြွေတဲ့ည
ကျွန်တော့်အပေါ်ကြိုးပြတ်ကျတယ်…။
ကျွန်တော်….
မပျော်လေလွင့်၊ရင်အနင့်ဆုံးဆောင်း
နှင်းတွေပြောင်းပြန်စီးမျောလာ..။

မေမေဟာ…
ကျွန်တော်ပြန်လာမယ့်သန်းခေါင်ယံကိုခြံရံစောင့်ကြပ်
အလင်းရဲ့နတ်သမီးလို..မီးအိမ်ကိုင်ပြီးစောင့်နေတယ်..။

နာကြည်းပင့်သက်၊အရက်သောက်လာတဲ့သား
အမေ့အားစကားမဆို
အမေကား..သားကိုယ်စား မျက်ရည်မဲ့စွာငို..။

သား…
ဘ၀ဆိုတာရေစီးထဲကဗေဒါ..မရေရာဘူးကွဲ့
ဒါပေမယ့်…

မျှော်လင့်ချက်ရဲ့ အရုပ်များ၊အရောင်များ၊အရိပ်များ
လွှင့်မပစ်နဲ့သိမ်းထား..
ဝိညာဉ်ရုန်းကန်တစ်နေ့မှာသူတို့ပြန်ရှင်သန်လိမ့်မယ်..။

မေမေ့စကားက
ကျွန်တော့်ရဲ့မိုးခါးရေများကို
တစ်စက်ချင်း…တစ်စက်ချင်း…တစ်စက်ချင်း..ချိုစေခဲ့..။

(၉)
ဝါဆိုပန်းခူး၊စံပယ်ဦးတို့မွှေးသက်ဝေေ၀
မုတ်သုန်လေရဲ့မှတ်တမ်း
မီးကိုလည်းကျွန်တော်နမ်းခဲ့..ရေကိုလည်းကျွန်တော်နမ်းခဲ့..။

မေမေဟာ..
ခြံထောင့်မှာဒေလီယာတွေပျိုးရင်း
မိုးစိုနေတဲ့ဆံနွယ်ခက်ကိုလက်နဲ့သပ်တင်
သူမလည်းရင့်ကျက်ကြည်လင်နေတယ်..။

မေမေချုပ်တဲ့
ဇာမဏီရုပ်နဲ့အကျီ င်္ချည်မျှင်ကြမ်းကြမ်း
ကျွန်တော်….လမ်းမှာဝတ်ရန်..။

နွားကသူငုံ့စားတဲ့မြက်တွေကို
ဝံပုလွေတစ်ကောင်ရဲ့အော်သံကြားတယ်လို့ပြောဆိုနေဆဲ
သွားကြစို့လေ…

မုဆိုးခြေထောက်များနဲ့ ကျွန်တော်သွားရာကျွန်တော်လိုက်
လေဆန်တွေ ပစ်စလက်ခတ်တိုက်တဲ့ခင်တန်း
ပဒိုင်းပန်းတွေလည်း ဗောင်းလန်အောင်ခါရမ်းပွင့်ဝေ…။

(၁၀)
သား…
“၁။ တိမ်တွေပျံတာမိုးပေါ်မှာဘာနဲ့မှမငြိဘူး
၂။ တစ်တောလုံးကိုလည်းကြည့်တစ်ပင်ချင်းလည်းကြည့် ” တဲ့

မေမေ့ဆုတောင်းဘုရားကျောင်းမှဝတ်ပြုသံ
လောကဓံအသစ်သစ်တွေနဲ့မြင့်ရိုင်း
မိုးကုတ်စက်ဝိုင်းတစ်ခြမ်းကိုထိုးဖောက်
ကျွန်တော်ဆက်လျှောက်နေတယ်…(ဖိနပ်လည်းအခါခါပေါက်ခဲ့)

ညပေါင်း ၁၄၀၀
ဝင်္ကပါတောင်ကြားမှာ..ကံနတ်ဘုရားနဲ့စီးချင်းထိုး
ကျွန်တော်ကြိုးစား ၊အမှားများလည်းချင်းချင်းနီ…။

ဧရာဝတီမေမေ၊ပိတောက်ပင်ဟာမေမေ
ဖယောင်းတိုင်ဖြူဖြူဟာမေမေ၊နံနက်ခင်းကြေးရုပ်ဟာမေမေ…။

ခု..မေမေဆုံးပြီဆိုတဲ့သတင်းမှာ
ကျွန်တော်ဟာအရာရာဝင်းရှင်းပေါက်ကွဲ…နီလဲ့..
လူတဆုံး…၀ိညာဉ်တဆုံး၊အကြွင်းမဲ့ဗုန်းဗုန်းလဲကျ
“မေမေ..”

(၁၁)
မေမေဟာ..နာရီသံနဲ့အိပ်၊နာရီသံနဲ့နိုး..
ဘယ်တော့မှထမင်းအိုးဝေမကျတတ်တဲ့မိန်းမမျိုးဖြစ်တယ်..။

မီးလောင်နေတဲ့ငရဲပင်ပျိုမှာ၊ပွင့်အိုလေးပမာ၊၀ါဝါနွဲ့နွဲ့
သတ္တိသစ်တွေနဲ့ဝေရဲခဲ့တယ်..။

သားငယ်ရဲ့မျက်နှာကို
အလင်္ကာလိုလည်းဖတ်၊ပုစ္ဆာလိုလည်းဖတ်
ဆိုလိုရင်းကိုချက်ချင်းရှာဖွေတွေ့တတ်တယ်..။

လင်မရှိတော့ပေမယ့်
သားငယ်အတွက်ရင်ခွင်တစ်ခုရှိတဲ့မိန်းမ
လူကန္တာရတို့ရဲ့ကျောက်တိုင်၊မြေခိုးမြေငွေ့ကိုပိုင်တယ်..။
(အလင်းပြာမှတ်ကျောက်အတွက်မင်တစ်ပေါက်ဖြစ်တယ်..)

(၁၂)
အမေမရှိတဲ့သားမှာသာ
စေတန်ရဲ့လွှသွားကိုခါးသီးကွဲရှ
အရိုးမြုပ်အောင်ကိုက်မြိုခဲ့ရပြီ..။

မျက်နှာကိုလက်ဝါးနဲ့အုပ်ရုံကလွဲလို့
ဘာမှလည်းလုပ်မပေးနိုင်တဲ့နေရာ….အဝေးမှာ…
ကျွန်တော်က…ဟိုး…အဝေးကြီးမှာ..။

ကျန်တာတွေကတော့ဘာမှမပြောင်းလဲပါဘူး
မီးခိုးငွေ့တွေကလည်း
ရိုးရာအခြေအနေအတိုင်း၊လှိုင်းထကော့လန်
ဒရွတ်တိုက်ပျံတက်ဆဲ…။

အမေ့ရဲ့ခြေလို၊လက်လိုနေခဲ့တဲ့ကောင်
အမေမရှိချိန်မို့လမ်းပေါ်မှာပြန့်လို့ကျဲလို့…။

အမှားလက္ခဏာ၊အမှန်လက္ခဏာ၊ဘာနဲ့မှလာမတိုင်းတာနဲ့
“အမေ”ဆိုတာထာဝရအကန့်အသတ်မဲ့တယ်
ချစ်သောမေမေ..ကောင်းရာဘုံသို့ရောက်ပါစေ..။
(ကောင်းရာဘုံတို့၏တံခါးသည်မိခင်များအတွက်ပွင့်စေသတည်း.)

(၁၃)
နောင်…နှစ်ပေါင်းများစွာကြာရင်
မေမေ့အုတ်ဂူကို၊၀တ်ရုံဖြူနဲ့လူတစ်ယောက်လာမယ်
အနက်ရောင်ကတ်ပြားမပါ၊လွမ်းသူ့ပန်းခွေမပါ
လေထန်လမ်းမှာဆံမျှင်တွေလွင့်ဝဲ….
အဲဒီလူဟာ..သားပဲပေါ့မေမေ…
ဘယ်သံသရာမှာပြန်ရှာရင်မေမေ့ကိုတွေ့နိုင်မလဲ…
ကျွန်တော့်ရှေ့မှောက် လရောင်တွေကွေ့ကောက်လွန်းလှချည့်…။

အမေ့ကိုယ်စား…
အမေ့ကိုယ်ပွား…
ကြယ်စင်များကိုလက်ဖ၀ါးနဲ့ပန်၊မြင်းခွာသံမှာအပ်နှံလိမ့်ဆင်း
အ၀ါရောင်မီးရှူးမီးပန်းလို
“လင်း”ပြီးမှပျောက်မယ်…။

ကျွန်တော်…
မေမေ….
မာယာတောင်ခြေမှ ဒရမ်တီးသူများ၊မျက်လှည့်တီးလုံးများ
သီချင်းအကွဲအစ..တစ်ပုဒ်ပြီးဆုံးသွားပါပြီ..။

မေမေ…
ကောင်းရာသုဂတိလားပါစေ…
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ……..
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ……..
ခေါင်းလောင်းထိုးသံတိုးတိတ်လွင့်ဝေ……..
…………………………………………………….
………………………………………………..
…………………………………………..

(တာရာမင်းဝေ)

သေလူ

ငါဟာ မြားတစ်လက်ဖြစ်ခဲ့ဖူးတယ်
ဒါ ပေ မယ့် . . . ဘယ်ဝါးကျည်ထောက်ကိုမှ
ဒူးမထောက်ခဲ့ဖူးဘူး။

ငါဟာ ဓားတစ်လက်ဖြစ်ခဲ့ဖူးတယ်
ဒါ ပေ မယ့် . . . ဘယ်ဓားအိမ်ထဲမှာမှ အိပ်မက်မက်
မနေခဲ့ဖူးဘူး။

နောက်တော့
… ငါဟာ အက္ခရာတစ်လုံးဖြစ်သွားတယ်
ငါ့ကိုယ်ငါ ပြန်ဖတ်လို့ မရတော့ဘူး။

အဲဒီလိုနဲ့
ငါဟာ အရက်တစ်ပုလင်း ဖြစ်သွားတယ်
ငါ့ကို ဘယ်သူက ဝင်ပလုပ်ကျင်းမလဲဆိုတာကို
… စောင့်နေတယ်… ။ ။

(တာရာမင်းဝေ)

Friday, January 15, 2010

ပဲ့ကိုင်ရှင်

လေလွင့်လှုပ်ရှား သွားလာများ
စိတ်က ဂနာမငြိမ်
ထိန်းကြိုးမပါ စိတ်အစဉ်မှာ
စွန်လိုလေလွင့် ရောက်တတ်ရာရာ
စိတ်လွင့်သွားရာ...ဟိုအဝေး
အချစ်မရှိ...အလွမ်းမရှိ...အဆွေးမရှိ
သံယောဇဉ်ဆိုတာ ဗလာနတ္တိ

ချစ်သူရယ်...
ငါ့ဘဝကို စာနာလှည့်ပါ
သံယောဇဉ် မြူတစ်မှုန် ဆံချည်တစ်မျှင်မျှ
ပေးသနားလှည့်ပါ.

သဒ္ဒါရဲရင့်
လွမ်းသူမှတ်တမ်း

မရေရာခြင်းများထဲက
သေချာခြင်းတစ်ခု
အတိတ်ဆိုတာ အရိပ်တစ်ခုလို
ဆောင်းဦးရဲ့ မနက်ခင်းနုနုမှာ
အချစ်ဆိုတာ
အပြစ်တစ်ခုလို
ရင်မှာ ဒဏ်ရာများစွာနဲ့ပါ
ရယူခြင်းဆိုတာ မရှိခဲ့သလို
ပေးဆပ်ခြင်းဆိုတာလည်း
နေရာဟောင်းမှာ ကျန်ခဲ့ပါပြီကွယ်....။

ကလေးရေ...
အပြစ်မယူစတမ်းပြောကြကြေးဆို
ငွေနှင်းစက်တွေ တဖွဲဖွဲကျတဲ့
ဟေမာန်ဆောင်းရဲ့
နှင်းစက်မှုန်တွေနဲ့
ကန်ရေပြင်စောင်းတွေဟာ
အလွမ်းတွေအဖြစ်
ရှင်သန်နေလေရဲ့

ကလေးရေ...
‘‘ အချစ် ’’ ဆိုတာ
စိတ်ကူးကမွေးဖွား
နှလုံးသားကစတင်
ခိုင်မာမှုသံယောဇဉ် ကြီးမားခဲ့ပေမယ့်
ဆောင်းမနက်ခင်းရဲ့
နှင်းတစ်စက်လို
မပီဝိုးတဝါးနဲ့
အေးခဲသွားတာ...ကြာခဲ့ပေါ့။

လွမ်းပါရစေ...
ကာရံမလှ အနားသတ်မရှိတဲ့
မောင့်ဘဝမှာ
အရာရာတိုင်းဟာ အရှုံးတွေပဲမို့
အချစ်အတွက်
ထာဝရပေးဆပ်နေမယ်...။

သက်ထွဏ်း

Tuesday, January 12, 2010

လူနှင့် အင်္ကျီ

တစ်နေ့ မိခင်ဖြစ်သူက အိမ်ရှေ့တွင် ဆန်ရွေးနေစဉ် အိပ်ခန်းအတွင်းမှ ‘‘ ဒုန်း ’’ ခနဲ အသံကြားလိုက်ရသည်။ ထိုအခါ ....
မိခင် ။ ။ဟဲ့.... အခန်းထဲက ဘာဖြစ်တာလဲ ????
သားငယ်။ ။ အင်္ကျီ ပြုတ်ကျသွားလို့ပါ။
မိခင် ။ ။ အင်္ကျီ ပြုတ်ကျတာ အဲဒီလောက်ပဲ အသံကျယ်လား ...ဟဲ့ ???
သားငယ်။ ။ အင်္ကျီ ထဲမှာ လူပါ ပါသွားလို့ပါ မေမေ။။

Friday, January 8, 2010

ညနှစ်ည

ချစ်သူကို လွမ်းတဲ့ည
တစ်ရေးရခဲ့ပါသေးရဲ့...။
အမေ့ကို လွမ်းတဲ့ည
တစ်ရေးမှ အိပ်မရခဲ့ဘူး...။

စေတန်
မင်းရဲ့ကောင်းကင်

ကောင်မလေးရေ
ကောင်းကင်ပြာတစ်စင်းရဲ့
အဆုံးမဲ့ ငြိမ်းချမ်းခြင်းတွေကို
မင်းသိရဲ့လား....။

ကောင်းကင် ဆိုတာက
အလင်းလက်ဆုံးကြယ်စင်တွေလို
ပိုင်ရှင်မဲ့ စက္ကူစွန်တွေအတွက်
အိပ်စက်ရာ ရင်ခွင်ပါ...။

ကောင်းကင်ကို စာတမ်းပြုဖို့
သီအိုရီတွေကို ခါထုတ်ရင်း
ဗိုင်းရပ်သင့်ဦးနှောက်နဲ့
ဘဝကိုဖြတ်ညှပ်ကပ်လုပ်ကြည့်ရင်
ပဉ္စလက် အတတ်နဲ့ဖန်ဆင်းထားတဲ့
ခရမ်းရင့်ရောင် နှလုံးသားတစ်စုံဟာ
စိန်စီမှော်ပန်းသီးတစ်လုံးပဲ ဖြစ်မှာပေါ့...။

တစ်ကယ်တော့
အနက်ရှိုင်းဆုံး ပေးဆပ်ခြင်းဆိုတာ
ကောင်းကင်ပြာရဲ့
နီစွေးတဲ့ သွေးတစ်ပွက်ပါ...။

ကောင်မလေးရေ
အားလုံးအတွက်
(သူဟာ)
ဒြပ်မဲ့ ပျော်ရွှင်ခြင်းတွေနဲ့
အိပ်စက် ငြိမ်သက်ခြင်းတို့ရဲ့
ဖန်ဆင်းရှင်လည်း ဖြစ်တယ်...။

အနူးညံ့ဆုံးကဗ္ဗလာ
အပြာနဲ့ အနက်ကိုလည်း
တစ်ဝက်စီဆေးခြယ်ပေးတယ်...။

လေဟုန်စီးနေတဲ့
အိမ်ခြေမဲ့ ဂျစ်ပစီတိမ်တွေအတွက်
အမွန်မြတ်ဆုံးမိခင်လည်း ဖြစ်တယ်...။

ဒီဂရီထောင့်ချိုးမပါတဲ့
ခဲကြောင်းမဲ့ မျည်းဖြောင့်လိုင်းတွေရဲ့
ပိုင်ရှင်လည်းဖြစ်တယ်...။

ကောင်မလေးရေ
ကောင်းကင်ပြာအတွက် ငါဂုဏ်ယူတယ်
မင်းအတွက်
(ငါဟာ)
ကောင်းကင်တစ်စင်း ဖြစ်ပါရစေ...။

မောင်မြင့်မိုး(ဂွမြို့)
ရူးစေသူ

နူးညံ့လှတဲ့ မင်းရဲ့အပြုံးက
လူတွေကို ရူးသွပ်သွားအောင်ပြုစားထားတယ်
အပြုံးတို့ရဲ့ ဘုရင်မကတော့
မင်းနှုတ်ခမ်း ပါးပါးလေးပါပဲ
လမင်းကြီးရဲ့ နှုတ်ခမ်းပါးကတော့
ဒဏ္ဍာရီထဲက ဝှက်ဖဲတစ်ချပ်လိုပဲလေ
‘‘တားရော့ ’’ ဖဲချပ်တွေထဲမှာတော့
အပြူံးဟာ ကြောက်စရာကောင်းတယ်တဲ့

ဒါပေမယ့်
ရူးသွပ်စွာ ငါစွဲလန်းသွားတာက
မင်း.....နှုတ်ခမ်းပါးပါး ။ ။

မင်းရဲခေါင်
ကိုယ်ဟာမယ့် အတွက်အချစ်ရူး

မချစ်ဖူးတော့
ကိုယ်ဟာ အချစ်ရူးလေးပါ့ကွယ်...
တစ်နေ့မြင်ခွင့် ၊တစ်ခါကြည့်ခွင့်
မရှိရလေတော့
ရင်မှာလွမ်းဆွေး သောကတေးလို့ထင်မိတယ်...
လမင်းကိုငေး မယ့်အကြောင်းတွေးလို့
ကဗျာတွေရေး စာတွေရေးကာ
အချစ်စိတ်ကူး ကြည်နူးမြူးကြွ
အိပ်ပျက်ညပေါင်းလည်း များပြီကွယ်...

လူအများပါးစပ်ဖျား ရေပန်းစားတဲ့
ချစ်တယ်ဆိုတဲ့ စကားတောင်
မပြောရက်ဘူးကွယ်...

ချစ်သူ့နှုတ်ဖျား ချစ်စကားစ မှ
ရင်ဝယ်ကြည်နူး
အချစ်စိတ်ကူးတွေ ယဉ်မိတယ်...

ချစ်ခြင်းမေတ္တာ
မယ့်အတွက်သာလို့
နှုတ်ဝယ်ဖွင့်ဟ ချစ်စကားစမိတယ်...

ရင်သက်တမ်းတိုး ချစ်ရည်တိုးလို့
မြတ်နိုးတွယ်တာ ချစ်ခင်စွာဖြင့်
ရင်မှာယုယ အနုအလှတွေနဲ့
မယ့်အနားမှာ နေချင်တယ်
ခေါင်းလောင်းသံတိတ်
ကျောင်းပိတ်ရက်ကို
ပြည့်စေတော့လို့ ရင်ထဲမှာဆုတောင်းခဲ့ရသူက ကိုယ်ပါကွယ်

ရာသီပြောင်းလဲ အနေဝေးလဲ
လွမ်းမောတသ အောက်မေ့ဆဲပါ
ချစ်ဦးရယ်

မိုးလေမမြင်ချစ်စိတ်နှင်လို့
ခဏတာအချစ် နောင်မေ့ပစ်ဖို့
စိတ်ပင်မကူး
ကိုယ်ဟာမယ့်အတွက်တော့ အချစ်ရူး

ငယ်လတ်
စိမ့်စိမ့်အေးချမ်း

ညချမ်းခါဝယ်
ဂစ်တာပိုက်ထွေး
ဟစ်ကြွေးသံစဉ်
နားဆင်စေချင်
ချစ်ဦးသခင်...။

ညီထွဋ္ဋ်