Saturday, December 18, 2010

ကျွန်တော့် ဓာတ်တိုင်

‘‘မင်းထိုက်….နင် ဖြူလေးနဲ့ တွေ့ပြီးပြီလား ’’

‘‘ဟင်…ဘာဖြစ်လို့လဲ..မတွေ့ရသေးဘူး။ ကျွန်တော်လဲ ဒီနေ့မှ နယ်ကရောက်တာ။ ကျောင်းတောင်မအပ်ရသေးဘူး ’’

‘‘ဖြူလေးကို သူ့အိမ်က ယောက်ျားပေးစားတော့မယ်တဲ့ ’’

‘‘ ဗျာ…’’

ခေါင်းထဲကို မိုးကြိုးအစင်းစင်းပစ်ချလိုက်သလို ခေါင်းနပမ်းကြီးသွားရ၏။ ကြားလိုက်ရသည့် စကားတွေက နားထဲကိုကန့်လန့်ဝင်လာသည်။ ဘယ်လိုဖြစ်ရတာလဲ ..ကျွန်တော်နဲ့ဖြူလေး ဒီလောက်ချစ်သည့်ဟာကို။ ချစ်သူသက်တမ်းပင် (၃) နှစ်ထဲသို့ဝင်ရောက်ခဲ့ပြီ။ စကားကတောက်ကဆပင် မများခဲ့ဘူးသည့် ကျွန်တော်တို့ နှစ်ယောက်ကို ဘယ်လိုအကြောင်းတွေက ကွာဝေးစေဖို့ဖန်တီးစေတာလဲ။ အုံ့အုံ့ဆိုင်းဆိုင်းနှင့် လှပနေသော လောကဓာတ်ကြီးတစ်ခုလုံးပင် မှိုင်းဝေလို့သွားသည်။

@@@@@@@@@@@@@@@@@@@@@@@@@

‘‘ ဟုတ်တယ်…ကိုထိုက် ’’ ‘‘ ဖြူလေးရဲ့ အိမ်ကလူကြီးတွေက သူတို့သဘောတူတဲ့ သူနဲ့ပေးစားဖို့ စီစဉ်နေကြပြီ။ ဖြူလေး..ကိုထိုက် ကိုတော့ အရမ်းချစ်ပါတယ်။ ဒါပေမယ့်………’’

မကြားပါရစေနဲ့……ရှေ့ဆက်ပြောမယ့် စကားလုံးတွေကို မကြားပါရစေနဲ့။ ဒီစကားလုံးတွေဟာ ကျွန်တော့ရင်ကိုခွင်းမယ့် မြှားအစင်းစင်းတွေ။ သူ့နှုတ်ခမ်းဖျားကထွက်ကျလာတဲ့ စကားလုံးတိုင်းဟာ ကျွန်တော့် ပင်လယ်ပြင်ကို လှိုင်းထန်နေစေပြီ။ ဘယ်လိုအင်အားနဲ့ ဒီစကားတွေကိုနားထောင်ရမှာလဲ။

‘‘ ဒါပေမယ့်…လူကြီးတွေကိုလဲ စိတ်ချမ်းသာစေချင်တယ်။ ပြီးတော့ ဖြူလေးက လူကြီးတွေရဲ့ စကားကို တစ်ခါမှ မလွန်ဆန်ခဲ့ဘူးတော့ ..ခေါင်းငြိမ့်လိုက်ရတယ်။ ’’

ဒါဟာ မဟာအနုကြမ်းစီမှုကြီး တစ်ခုပဲ။ အင်မတန် စိတ်သဘောပျော့ပြောင်းတဲ့ ဖြူလေးရဲ့ စိတ်ဓာတ်ကို သူတို့ခုတုန်းလုပ်ပြီး အသုံးချတာ။ စိတ်ဓာတ်အနုကြမ်းအစီးခံရတာ…..တောက်…ဒါမျိုးတွေ မဖြစ်သင့်ဘူး။

‘‘ အဲဒီတော့ ..ကိုထိုက်။ ဖြူလေးတို့ သူငယ်ချင်းတွေလိုပဲ ဆက်နေရအောင်နှော်..’’

အေးလေ…ငါလို စာရူးပေရူးတစ်ယောက်ရဲ့ ဘဝထဲမှာ ခက်ခက်ခဲခဲနဲ့ ဘဝကိုဖြတ်သန်းရတာထက်စာရင် အိမ်ကပေးစားတဲ့သူနဲ့ ဆိုရင် ဖြူလေးဘဝ သာယာမှာပါ။ သူ့ဘဝသာယာဖို့အတွက်ပဲလေ…..ငါအနစ်နာခံရမှာပေါ့။ အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းတစ်ခုတည်းမှ မဟုတ်တာ။

‘‘အေးလေ….ဒါဆိုလဲ ကိုထိုက်နဲ့ ဖြူလေးတို့ သူငယ်ချင်းတွေလိုပဲဆက်နေကြတာပေါ့။ ဒါပေမယ့် ဖြူလေးရဲ့ ဘဝမှာအခက်အခဲကြုံလာတိုင်း ကိုထိုက်ကို အကြောင်းကြားပါ။ ကိုထိုက် တတ်နိုင်တဲ့နေရာကနေ ကူညီပေးပါ့မယ်။ ’’

‘‘ဟုတ်ကဲ့ပါ…ကိုထိုက် ’’

‘‘ အင်း..ဒါဆို ဖြူလေးလဲ စိတ်ဖြောင့်လက်ဖြောင့် ဆက်လျှောက်နိုင်အောင် ကိုထိုက်နဲ့ဖြူလေးတို့ ရေးထားတဲ့စာတွေ၊ ပေးထားတဲ့ လက်ဆောင်တွေ ပြန်လဲလိုက်ရအောင်။ တော်ကြာ..ဖြူလေးနဲ့ သဘောတူထားတဲ့သူတွေ့သွားရင် ဖြူလေးအတွက်မကောင်းဘူးလေ။ မနက်ဖြန်ညနေ အဆောင်ရှေ့ကို ကိုထိုက်လာခဲ့မယ်။ စောင့်နေနှော်…..’’

‘‘ ဟုတ်ကဲ့…ကိုထိုက်.’’

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

မိုးတွေကလည်း အုံ့မှိုင်းနေလိုက်တာ ပြိုတော့မယ့်အတိုင်းပဲ။ ကောင်းပါတယ်..ချစ်သူနှစ်ဦးရဲ့ လမ်းခွဲမှုဟာ ဘယ်လောက် အေးချမ်းမှု ရှိလိုက်သလဲ။ ပူလောင်သောက ကင်းတော့ နှစ်ဦးနှစ်ဘက်နေရတာ အဆင်ပြေတာပေါ့။ လမ်းမီးတွေတောင် လင်းနေပြီ။ ဒီမီးအလင်းရောင်တွေ အောက်မှာ ဂစ်တာတီးခဲ့တာ ။ ဖြူလေးသူငယ်ချင်းတွေကျွေးတဲ့ လက်ဘက်သုပ်နဲ့ ထမင်းကြမ်းစားခဲ့တာတွေ ပြန်သတိရလာမိတယ်။ ထားလိုက်ပါ..ဒါတွေကပြီးခဲ့ပြီပဲလေ………

‘‘ ဖြူလေး …စောင့်နေရတာကြာသွားလား…’’

‘‘ မကြာသေးပါဘူး ကိုထိုက်.. မိုးဖွဲလေးတွေတောင် ကျနေပြီ ’’

‘‘ကောင်းတာပေါ့…ကိုထိုက်တို့ အချစ်က အေးအေးချမ်းချမ်းနဲ့ အဆုံးသတ်သွားတာပေါ့ ’’

‘‘ ကဲ….ရော့..ဒါဖြူလေးပေးထားတဲ့ လက်ဆောင်တွေ။ စာတွေကိုတော့ ကိုထိုက်တို့ အပူအပင်မရှိဘဲ လွတ်လွတ်လပ်လပ် ခွဲခွာလို့ရအောင် ရှေ့ကရေမြောင်းထဲကိုပဲ မျှောပစ်လိုက်ရအောင် ’’

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ကဲ…ဘယ်လောက်ကဗျာဆန်လိုက် သလဲ။ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် မိုးဖွဲဖွဲလေးတွေကြား မီးအလင်းတိုင်ရဲ့ အောက်က မြောင်းနှုတ်ခမ်းဘေးမှာ ထိုင်ရင်း စက္ကူလှေလေးတွေ မျှောနေကြတာ နာရီဝက်လောက်ကြာတော့ စာတွေကုန်သွားပြီ။ စက္ကူလှေချိုးလိုက်၊ မျှောလိုက်နှင့် ခါးတော်တော်ညောင်းသွားသဖြင့် နောက်ကဓာတ်တိုင်သို့ မှီချလိုက်သည်။

‘‘ကိုထိုက်…..’’

‘‘ မခေါ်ပါနဲ့တော့ဖြူလေးရယ်…ဒီနာမည်ကို။ မင်းထိုက်လို့ပဲ ခေါ်ပါတော့ ’’

‘‘ မဟုတ်ဘူး..ကိုထိုက် ’’

‘‘ ဟုတ်ပါတယ် ဖြူလေး..တော်ကြာ ဖြူလေးနဲ့ သဘောတူထားတဲ့သူ ကြားသွား….အား..’’

မျက်လုံးများ ပြာဝေသွားသည်။ ကြက်သီးဖျန်းကနဲထ၍ ဆံပင်တွေထိုးထောင်သွားသလို ခံစားလိုက်ရသည်။ နတ်ပူးသလိုတုန်တက်လာပြီး ကျင်သွားသည်။ ဆတ်ခနဲ ကိုယ်ကို ဆန့်၍ မတ်တပ်ရပ်လိုက်မှ သက်သာသွားသည်။ ဘေးဘီကို ကြည့်လိုက်တော့ စိုးရိမ်စိတ်နှင့် ကြည့်နေသော ဖြူလေး၏ မျက်နှာကို တွေ့နေရသည်။

‘‘ ဘာ…ဘာဖြစ်သွားသေးလဲ ကိုထိုက်။ ကိုထိုက်က စကားကိုလာပြီး ဖြတ်ဖြတ်ပြောနေတာကိုး။ အစထဲက ပြောမလို့ မိုးရွာရင် ဒီဓာတ်တိုင်က ဓာတ်လိုက်တယ် ကိုထိုက်ရဲ့ ……’’

ပြီးပါပြီ။

ရွှေသွေး

No comments:

Post a Comment