Sunday, June 20, 2010

ဒေါင်းယောင်ဆောင်တဲ့ ကျီးမိုက်တွေပါအမေ

အမေ….

အမေ့ကို မင်ဒဲလားကပြောတယ်
သူတို့လည်း ဒီမိုကရေစီကို နံရံတွေကြားထဲကပဲ
တည်ဆောက်လာရတာတဲ့

အမေ့ကို ကင်ဒေးဂျုံကပြောတယ်
သူတို့လည်း ဒီမိုကရေစီကို သေနတ်ပြောင်းတွေရှေ့မှာပဲ
ရင်းယူလာခဲ့ရတာတဲ့

အမေ့ကို လားမားကြီးကပြောတယ်
သူတို့လည်း ဒီမိုကရေစီကို ဖိနှိပ်မှုတွေအောက်မှာ
ကျင်ယူနေရတုန်းပါတဲ့

အမေ….

ကျွန်တော် ရင်ကိုကော့ထားလိုက်တယ်
ရန်ကုန်မှာ
ထောင်နံရံ၊ သေနတ်ပြောင်း၊ ဖိနှိပ်မှု …
ဘာကိုမှ ဂရုမပြုတဲ့
ငါတို့ “အမေ” ရှိတယ်လို့

ကျွန်တော် လက်သီးကိုဆုပ်ထားလိုက်တယ်
ရန်ကုန်မှာ
လူသန်းခြောက်ဆယ်အတွက်
ဘဝတစ်ခုလုံးနဲ့ ပေးဆပ်ထားတဲ့
ငါတို့ “အမေ” ရှိတယ်လို့

ကျွန်တော် ခေါင်းကိုမော့ထားလိုက်တယ်
ရန်ကုန်မှာ
ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ
အလေးဂရုပြုရတဲ့
ငါတို့ “အမေ” ရှိတယ်လို့

ဒါပေမယ့် အမေ…

ကျွန်တော်တို့က အမေ မကြောက်တဲ့ သေနတ်ပြောင်းကို
ကြောက်တဲ့ အမေ့သားတွေ

ကျွန်တော်တို့က အမေ မုန်းတဲ့ ဖိနှိပ်မှုနဲ့
အသားကျနေတဲ့ အမေ့သမီးတွေ

ကျွန်တော်တို့က
ဒေါင်းယောင်ဆောင်ထားတဲ့ ကျီးမိုက်တွေပါ အမေ

ဒီလူတွေက….
အမေ့ရင်ကို လေးစေတဲ့အခါ
အမေ့သွေးကို အေးစေတဲ့အခါ
အမေ့နားကို ခါးစေတဲ့အခါ

အမေ ခွင့်မလွှတ်လိုက်ပါနဲ့ အမေ …

(မောင်ပွတ်)

ကျွန်တော်တို့ လမ်းဆုံလား လမ်းဆုံးလား မသိတဲ့အချိန်ကာလတစ်ခုကိုရောက်နေပါတယ်…

ရင်လေးဖွယ်ရာ မနက်ဖြန်တွေကို ကျွန်တော်တို့ ဘယ်လိုရင်ဆိုင်ရမလည်း…

မိန်းမတစ်ယောက်က လူသန်းခြောက်ဆယ်အတွက် တရားမျှတမှုကို သူအပေါ်ကျရောက်လာတဲ့

မတရားမှုတွေနဲ့ ခါးစည်းခံပေးနေပါတယ်…

တရားမျှတမှုကို မကျင့်သုံးပဲ ဒီမိုကရေစီဖော်ဆောင်နေပါတယ်ဆိုတဲ့ ဟာသကို

ကျွန်တော်တို့ ဘယ်လိုနားနဲ့ ယုံရမလည်း… ကဗျာရေးခဲတဲ့ ကိုပွတ်ရဲ့ကဗျာဟာ

ကျွန်တော်တို့ ပျက်ကွက်မှုကို ဖော်ပြနေပါတယ်… ကျွန်တော်တို့ကိုယ်တိုင်

ဒီမိုကရေဆီကို မကျင့်သုံးပဲနဲ့တော့ တရားမျှတာမှုကို ကျွန်တော်တို့ရရှိနိုင်မှာမဟုတ်ပါဘူး…။

ကဗျာအတွက်ကျေးဇူးပါ ကိုပွတ်ရေ….။

www.myosatt.wordpress.com မှ

ရင်ထဲက အမေ


အမေဟာ…
ဝါးလုံးခေါင်းထက်တောင် ကျဉ်းတဲ့
စစ်ဖိနပ် အတွင်းမှာ
မရမက သာပေးရှာတဲ့ လမင်း။

အမေဟာ…
ဒဏ်ရာတွေကို ကြိုးအဖြစ်တပ်ပြီး
ကမ္ဘာတုန်အောင် မြည်တဲ့သီချင်း။

အမေနေပြခဲ့တဲ့ အတ္ထုပ္ပတ္တိနဲ့  သားတို့ သတ္တိတွေကို ဆူပွက်နေအောင် နှိုးထားတာ။
အမေပြောခဲ့တဲ့ စကားတွေနဲ့ သားတို့ သွေးတွေကို နီရဲနေအောင် ဆိုးထားတာ။

အမေ့ရင်ထဲက ကဗျာ တစ်ပုဒ်ဆွဲထုတ်
ဓားတစ်လက်လုပ်ပြီး
အဲဒီ့ မိစ္ဆာတောအုပ်ကို သားတို့ ခုတ်ကြမယ် အမေ။

သွေးဆာနေတဲ့ဘီလူးတွေက
စံမမီတဲ့ သူတို့ ဘဝလှေနံမှာ
အာဏာကို အောင်မြင်မှု အဖြစ် တရားသေ ဓားထစ်နေချိန်မှာ
အမေကတော့ ကရုဏာ နှလုံးသားနဲ့ 
ပြည်သူ့ ငိုသံကို နားစွင့်တယ်။

အမေဟာ တက္ကသိုလ်ရိပ်သာလမ်းထဲမှာ လှောင်ထားခံရတဲ့ ငှက်ကလေး တစ်ကောင်၊
ပျံခွင့်မရတဲ့ ငှက်အားလုံးတို့ ရဲ့ ခေါင်းဆောင်ပေါ့။
အမေက ပျံခွင့်မရပေမယ့် အမေ့နာမည်ကတော့ ဟိုး…ကောင်းကင်ဖျားမှာပျံနေတယ်။
အမေ့ နာမည်တစ်လုံးကို ပြည်သူတွေအတွက် အမေသုံးချင်နေမှာပဲနော်။

ပြည်သူ့ မေတ္တာတွေသာ ပန်းပွင့်လေးတွေဖြစ်မယ်ဆိုရင်
ပြည်သူတိုင်းက ပန်းပွင့်တစ်ပွင့်စီပေးလို့ 
အမေ့ ဘဝဥယျာဉ်မှာ ပန်းပွင့်လေးတွေနဲ့ ပြည့်နေလောက်ပြီ။
အဲဒီ့ ပန်းရနံ့ တွေပေါ့။
သူတို့ မလိုတမာစိတ်နဲ့ ဘယ်လိုဖုံးဖုံး
ကမ္ဘာတစ်ခုလုံး မွှေးနေတာ။

မိစ္ဆာတွေကတော့
သေနတ်ကို မလွှတ်တမ်းကိုင်ပြီး
မီးလောင်နေတဲ့ ကုလားထိုင်တွေပေါ် အတင်းတက်ထိုင်နေကြတယ် အမေ။
အဲဒီ့ မိစ္ဆာတွေပေါ့၊
သူရဲဘော ကြောင်လိုက်ကြတာ။
အမေ့ကို ရင်မဆိုင်ရဲလို့ ၊
အမေ့ကို မယှဉ်ပြိုင်ရဲလို့ 
အမေ့ကိုသီးခြား ခွဲထုတ်
အမေ့စာမျက်နှာတွေကို သမိုင်းထဲက အတင်းဆွဲစုတ်လည်း
အမေ့ ပုံရိပ်တွေက သားတို့ အသည်းထဲမှာ
စုတ်နဲ့ ထိုးထားသလို စွဲပြီးသား။

ဘယ်သူတွေ ဘယ်လို ပြောပါစေ
အမေဟာ အမေဖြစ်နေသေးသရွေ့ 
သားတို့ ချစ်နေမယ်။
ရင်ထဲမှာ အမေ အမြဲရှိနေမယ်။

ခုချိန်မှာတော့ အမေဟာ ….
ကျဆုံးခဲ့တဲ့ ရင်သွေးတွေအတွက်
အမေ့အိမ်လေးထဲမှာ တိတ်တိတ်ကလေး ငိုနေမလား။
ဒါမှမဟုတ် ဒုက္ခပင်လယ်ဝေနေတဲ့ ရင်သွေးတွေအတွက်
ဆုတောင်းမေတ္တာတေးသီချင်းတွေကို တိတ်တိတ်ကလေးဆိုနေမလား။

အမေ့ရဲ့  အကြင်နာလက်နဲ့ 
သားတို့ နေတဲ့ ပုခက်လေးကို
ညင်သာစွာ လွှဲပေးမယ့် နေ့ ရက်တွေကို မျှော်နေမယ်။

အမေဟာ ကျွန်တော်တို့ အားလုံးရဲ့ ကောင်းကင်
အမေ မိုးမယ့် နေ့ တွေဆီကို သားတို့ အားလုံး ရောက်ချင်လှပြီ။
အမေဟာ ကျွန်တော်တို့ အားလုံး ရဲ့ မိခင်
အမေပျိုးမယ့် ဥယျာဉ်ကို သားတို့ အားလုံး ကြည့်ချင်လှပြီ။

ကောင်းကင်ကို

မမေ့နဲ့ ဟေ့.....






မမေ့နဲ့ဟေ့ …

တို့ရှေ့မှာပင်၊ ထေရ်အရှင်တို့

မြေတွင်တုံးလုံး၊ အသက်ဆုံး၍

သွေးဖုံး တော်လှန်ပြခဲ့ပြီ။

မမေ့နဲ့ဟေ့ …

ကျောင်းရိပ်ကန်ရိပ်၊ တရားရိပ်မှာ

ချွေးသိပ်နားနေ၊ ရနိုင်လေလည်း

ထေရ်ရှင်အများ၊ နှလုံးသား၌

တိုင်းသားပြည်သူ၊ စိတ်အပူကို

နှုတ်ယူဆုပ်ဖမ်း၊ ဆူးခင်းလမ်းတွင်

မနွမ်းမကြွေ၊ ပူမျှဝေလျက်

သွေးအသက်နှင့် ပေးဆက်စာနာပြခဲ့ပြီ။

မမေ့နဲ့ဟေ့ …

တစ်နေ့မွေးလျှင်၊ တစ်နေ့တွင်မူ

သေမင်းယူမည်၊ သေမူကိုတွေး

သတ္တိမွေးလော့. . .

သွေးနှင့်သစ္စာ၊ နှင်းအပ်ကာလျှင်

တိုက်ပွဲဝင်လော့. . .

အားပျော့စိတ်ပျက်၊ ကိုယ့်အတွက်သာ

တွေးနေပါမူ၊ ထေရ်ဘုန်းလူတို့

စွန့်လှူလွှတ်သွား၊ ဝိညာဉ်များကို

အားနာစရာ ကောင်းလှပါသည်

မျက်နှာ မည်သို့ ပြအံ့နည်း။

မမေ့နဲ့ဟေ …့

သမိုင်းသစ်ဖို့ တို့ပြည်တစ်ခေတ်

တိုင်းချစ်ပြည်ခင်၊ ထေရ်အရှင်တို့

ဖိတ်စဉ်မြေလူး၊ သွေးကျေးဇူးကို

အထူးဆပ်ရန် ရှိသည်ကို. . .။



တင်မိုးညို

၂၆.၉.၂ဝဝ၈

(ပြည်သူအားလုံး သံဃာတော်များရဲ့ သွေးကျေးဇူးကို အထူးတလည် ပေးဆပ်ပူဇော်နိုင်ကြပါစေ

Saturday, June 5, 2010

စုန်းမ


စိတ်ရှိလက်ရှိသာ ဖမ်းစားလိုက်စမ်းပါ

ငါ့ရဲ့………စုန်းမလေးရယ်

နင့် အချစ်တွေနဲ့လေ

ဘယ် ပရောဂဆရာမှ မလာအောင်

ငါ……..တား ထားပါ့မယ် ။

လွဲလွဲလေး

တနေ့မှာ ဂေါက်သီးအကျော်အမော် တစ်ယောက်နဲ့ ဘုန်းတော်ကြီးတစ်ပါးတို့ ဂေါက်သီးရိုက်ကြပါတယ်။ ကံဆိုးစွာပဲ ဂေါက်သီးအကျော်အမော်ဟာ ခဏခဏ အမှားတွေရိုက်မိပါတယ်။ ရိုက်မိတိုင်းလည်း ညစ်ညမ်းတဲ့ စကားနဲ့အတူ ‘‘ လွဲပြန်ပြီဟ ’’ လို့ အော်ဆဲပါတယ်။ ဒါကို ဘုန်းတော်ကြီးက ဆင်ခြင်ဖို့ ပြောပါတယ်။ ဂေါက်သီးသမားကလည်း လွဲတိုင်းအော်ဆဲနေပါတယ်။ ဘုန်းတော်ကြီးကလည်း ဆဲတိုင်းဆင်ခြင်ဖို့ပြောပါတယ်။ ခဏကြာတော့ ကောင်းကင်ပေါ်က မိုးခြိမ်းသံကြီးကြားပြီး ဘုန်းတော်ကြီးကို မိုးကြိုးထိမှန်သွားပါတယ်။ ခဏအကြာမှာ ကောင်းကင်ပေါ်က ‘‘ လခွီးမှပဲ လွဲပြန်ပြီဟ ’’ ဆိုတဲ့ အသံကြီးထွက်ပေါ်လာပါတယ်။