Friday, January 15, 2010

ပဲ့ကိုင်ရှင်

လေလွင့်လှုပ်ရှား သွားလာများ
စိတ်က ဂနာမငြိမ်
ထိန်းကြိုးမပါ စိတ်အစဉ်မှာ
စွန်လိုလေလွင့် ရောက်တတ်ရာရာ
စိတ်လွင့်သွားရာ...ဟိုအဝေး
အချစ်မရှိ...အလွမ်းမရှိ...အဆွေးမရှိ
သံယောဇဉ်ဆိုတာ ဗလာနတ္တိ

ချစ်သူရယ်...
ငါ့ဘဝကို စာနာလှည့်ပါ
သံယောဇဉ် မြူတစ်မှုန် ဆံချည်တစ်မျှင်မျှ
ပေးသနားလှည့်ပါ.

သဒ္ဒါရဲရင့်
လွမ်းသူမှတ်တမ်း

မရေရာခြင်းများထဲက
သေချာခြင်းတစ်ခု
အတိတ်ဆိုတာ အရိပ်တစ်ခုလို
ဆောင်းဦးရဲ့ မနက်ခင်းနုနုမှာ
အချစ်ဆိုတာ
အပြစ်တစ်ခုလို
ရင်မှာ ဒဏ်ရာများစွာနဲ့ပါ
ရယူခြင်းဆိုတာ မရှိခဲ့သလို
ပေးဆပ်ခြင်းဆိုတာလည်း
နေရာဟောင်းမှာ ကျန်ခဲ့ပါပြီကွယ်....။

ကလေးရေ...
အပြစ်မယူစတမ်းပြောကြကြေးဆို
ငွေနှင်းစက်တွေ တဖွဲဖွဲကျတဲ့
ဟေမာန်ဆောင်းရဲ့
နှင်းစက်မှုန်တွေနဲ့
ကန်ရေပြင်စောင်းတွေဟာ
အလွမ်းတွေအဖြစ်
ရှင်သန်နေလေရဲ့

ကလေးရေ...
‘‘ အချစ် ’’ ဆိုတာ
စိတ်ကူးကမွေးဖွား
နှလုံးသားကစတင်
ခိုင်မာမှုသံယောဇဉ် ကြီးမားခဲ့ပေမယ့်
ဆောင်းမနက်ခင်းရဲ့
နှင်းတစ်စက်လို
မပီဝိုးတဝါးနဲ့
အေးခဲသွားတာ...ကြာခဲ့ပေါ့။

လွမ်းပါရစေ...
ကာရံမလှ အနားသတ်မရှိတဲ့
မောင့်ဘဝမှာ
အရာရာတိုင်းဟာ အရှုံးတွေပဲမို့
အချစ်အတွက်
ထာဝရပေးဆပ်နေမယ်...။

သက်ထွဏ်း

Tuesday, January 12, 2010

လူနှင့် အင်္ကျီ

တစ်နေ့ မိခင်ဖြစ်သူက အိမ်ရှေ့တွင် ဆန်ရွေးနေစဉ် အိပ်ခန်းအတွင်းမှ ‘‘ ဒုန်း ’’ ခနဲ အသံကြားလိုက်ရသည်။ ထိုအခါ ....
မိခင် ။ ။ဟဲ့.... အခန်းထဲက ဘာဖြစ်တာလဲ ????
သားငယ်။ ။ အင်္ကျီ ပြုတ်ကျသွားလို့ပါ။
မိခင် ။ ။ အင်္ကျီ ပြုတ်ကျတာ အဲဒီလောက်ပဲ အသံကျယ်လား ...ဟဲ့ ???
သားငယ်။ ။ အင်္ကျီ ထဲမှာ လူပါ ပါသွားလို့ပါ မေမေ။။

Friday, January 8, 2010

ညနှစ်ည

ချစ်သူကို လွမ်းတဲ့ည
တစ်ရေးရခဲ့ပါသေးရဲ့...။
အမေ့ကို လွမ်းတဲ့ည
တစ်ရေးမှ အိပ်မရခဲ့ဘူး...။

စေတန်
မင်းရဲ့ကောင်းကင်

ကောင်မလေးရေ
ကောင်းကင်ပြာတစ်စင်းရဲ့
အဆုံးမဲ့ ငြိမ်းချမ်းခြင်းတွေကို
မင်းသိရဲ့လား....။

ကောင်းကင် ဆိုတာက
အလင်းလက်ဆုံးကြယ်စင်တွေလို
ပိုင်ရှင်မဲ့ စက္ကူစွန်တွေအတွက်
အိပ်စက်ရာ ရင်ခွင်ပါ...။

ကောင်းကင်ကို စာတမ်းပြုဖို့
သီအိုရီတွေကို ခါထုတ်ရင်း
ဗိုင်းရပ်သင့်ဦးနှောက်နဲ့
ဘဝကိုဖြတ်ညှပ်ကပ်လုပ်ကြည့်ရင်
ပဉ္စလက် အတတ်နဲ့ဖန်ဆင်းထားတဲ့
ခရမ်းရင့်ရောင် နှလုံးသားတစ်စုံဟာ
စိန်စီမှော်ပန်းသီးတစ်လုံးပဲ ဖြစ်မှာပေါ့...။

တစ်ကယ်တော့
အနက်ရှိုင်းဆုံး ပေးဆပ်ခြင်းဆိုတာ
ကောင်းကင်ပြာရဲ့
နီစွေးတဲ့ သွေးတစ်ပွက်ပါ...။

ကောင်မလေးရေ
အားလုံးအတွက်
(သူဟာ)
ဒြပ်မဲ့ ပျော်ရွှင်ခြင်းတွေနဲ့
အိပ်စက် ငြိမ်သက်ခြင်းတို့ရဲ့
ဖန်ဆင်းရှင်လည်း ဖြစ်တယ်...။

အနူးညံ့ဆုံးကဗ္ဗလာ
အပြာနဲ့ အနက်ကိုလည်း
တစ်ဝက်စီဆေးခြယ်ပေးတယ်...။

လေဟုန်စီးနေတဲ့
အိမ်ခြေမဲ့ ဂျစ်ပစီတိမ်တွေအတွက်
အမွန်မြတ်ဆုံးမိခင်လည်း ဖြစ်တယ်...။

ဒီဂရီထောင့်ချိုးမပါတဲ့
ခဲကြောင်းမဲ့ မျည်းဖြောင့်လိုင်းတွေရဲ့
ပိုင်ရှင်လည်းဖြစ်တယ်...။

ကောင်မလေးရေ
ကောင်းကင်ပြာအတွက် ငါဂုဏ်ယူတယ်
မင်းအတွက်
(ငါဟာ)
ကောင်းကင်တစ်စင်း ဖြစ်ပါရစေ...။

မောင်မြင့်မိုး(ဂွမြို့)
ရူးစေသူ

နူးညံ့လှတဲ့ မင်းရဲ့အပြုံးက
လူတွေကို ရူးသွပ်သွားအောင်ပြုစားထားတယ်
အပြုံးတို့ရဲ့ ဘုရင်မကတော့
မင်းနှုတ်ခမ်း ပါးပါးလေးပါပဲ
လမင်းကြီးရဲ့ နှုတ်ခမ်းပါးကတော့
ဒဏ္ဍာရီထဲက ဝှက်ဖဲတစ်ချပ်လိုပဲလေ
‘‘တားရော့ ’’ ဖဲချပ်တွေထဲမှာတော့
အပြူံးဟာ ကြောက်စရာကောင်းတယ်တဲ့

ဒါပေမယ့်
ရူးသွပ်စွာ ငါစွဲလန်းသွားတာက
မင်း.....နှုတ်ခမ်းပါးပါး ။ ။

မင်းရဲခေါင်
ကိုယ်ဟာမယ့် အတွက်အချစ်ရူး

မချစ်ဖူးတော့
ကိုယ်ဟာ အချစ်ရူးလေးပါ့ကွယ်...
တစ်နေ့မြင်ခွင့် ၊တစ်ခါကြည့်ခွင့်
မရှိရလေတော့
ရင်မှာလွမ်းဆွေး သောကတေးလို့ထင်မိတယ်...
လမင်းကိုငေး မယ့်အကြောင်းတွေးလို့
ကဗျာတွေရေး စာတွေရေးကာ
အချစ်စိတ်ကူး ကြည်နူးမြူးကြွ
အိပ်ပျက်ညပေါင်းလည်း များပြီကွယ်...

လူအများပါးစပ်ဖျား ရေပန်းစားတဲ့
ချစ်တယ်ဆိုတဲ့ စကားတောင်
မပြောရက်ဘူးကွယ်...

ချစ်သူ့နှုတ်ဖျား ချစ်စကားစ မှ
ရင်ဝယ်ကြည်နူး
အချစ်စိတ်ကူးတွေ ယဉ်မိတယ်...

ချစ်ခြင်းမေတ္တာ
မယ့်အတွက်သာလို့
နှုတ်ဝယ်ဖွင့်ဟ ချစ်စကားစမိတယ်...

ရင်သက်တမ်းတိုး ချစ်ရည်တိုးလို့
မြတ်နိုးတွယ်တာ ချစ်ခင်စွာဖြင့်
ရင်မှာယုယ အနုအလှတွေနဲ့
မယ့်အနားမှာ နေချင်တယ်
ခေါင်းလောင်းသံတိတ်
ကျောင်းပိတ်ရက်ကို
ပြည့်စေတော့လို့ ရင်ထဲမှာဆုတောင်းခဲ့ရသူက ကိုယ်ပါကွယ်

ရာသီပြောင်းလဲ အနေဝေးလဲ
လွမ်းမောတသ အောက်မေ့ဆဲပါ
ချစ်ဦးရယ်

မိုးလေမမြင်ချစ်စိတ်နှင်လို့
ခဏတာအချစ် နောင်မေ့ပစ်ဖို့
စိတ်ပင်မကူး
ကိုယ်ဟာမယ့်အတွက်တော့ အချစ်ရူး

ငယ်လတ်
စိမ့်စိမ့်အေးချမ်း

ညချမ်းခါဝယ်
ဂစ်တာပိုက်ထွေး
ဟစ်ကြွေးသံစဉ်
နားဆင်စေချင်
ချစ်ဦးသခင်...။

ညီထွဋ္ဋ်